ပညာသင်ကြားတဲ့ အခါမှာ ရှိသင့်တဲ့ စေတနာ၊ ဝါသနာနဲ့ အနစ်နာလို့ ခေါ်တဲ့ နာ ၃ နာမှာ ပညာရေးစနစ် အခြေခံ ခိုင်မာစေချင်တယ်ဆိုတဲ့ စိတ်စေတနာမျိုး ထားကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ နံနက်ပိုင်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ အားကစားကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ အခြေခံ ပညာကဏ္ဍ မြှင့်တင်ရေး ဆွေးနွေးပွဲမှာ အဖွင့် မိန့်ခွန်းပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်တာပါ။
“ပညာရေးကဏ္ဍမှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်များအားလုံးဟာ ပညာရေးရဲ့ အခြေခံ ခိုင်မာ စေချင်လို့ရှိရင် ခိုင်မာစေချင်တဲ့ စေတနာရှိဖို့ လိုပါတယ်။ ခိုင်မာအောင် လုပ်ပေးစေချင်တဲ့ စေတနာရှိဖို့ လိုပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နာ ၃ နာမှာ ဝါသနာဟာ အတိုင်းအတာ တခု အထိ ပြင်လို့ ရနိုင်ကြောင်း၊ အနစ်နာ ဆိုတာကတော့ စေတနာနဲ့ ဝါသနာ အပေါ်မှာ အခြေခံပြီး စေတနာ၊ ဝါသနာ ပါလို့ရှိရင် အနစ်နာခံလိုတဲ့စိတ် အနစ်နာခံနိုင်တဲ့ စွမ်းအားတွေ ရှိလာမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ပညာရေးစနစ် ကောင်းဖို့ဆိုရင် အစကောင်းမှ အနှောင်း သေချာမှာ ဖြစ်လို့ အခြေခံ ပညာရေးကို တာဝန်ယူထားတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ စေတနာပါပါနဲ့ အလုပ်လုပ်ကြပြီး မိမိတို့ လုပ်တဲ့ အလုပ်ဟာ တန်ဖိုးရှိတယ်လို့ ယုံကြည်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။
“အခြေခံမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်များ အားလုံးဟာ စေတနာပါ ရတယ်။ စေတနာဆိုတာ ယုံကြည်မှုနဲ့လည်း ဆက်စပ်တယ်။ ငါတို့လုပ်တဲ့ အလုပ်ဟာ တကယ် တန်ဖိုးရှိတယ် ဆိုတဲ့ဟာကို ယုံကြည်မှ စေတနာနဲ့ လုပ်နိုင်မှာပါ”လို့ သူက ဆိုပါတယ်။
မူလတန်း သင်ရတဲ့အလုပ်ဟာ အထက်တန်း သင်ရတဲ့ အလုပ်ထက် ခက်ခဲပြီး အရေးအပါဆုံး အလုပ်တခုလို့ နိုင်ငံတကာမှာ လက်ခံထားကြပေမယ့် ဒီတိုင်းပြည်မှာတော့ အထက်တန်းသင်တဲ့ဆရာ၊ ဆရာမများ၊ တက္ကသိုလ်သင်တဲ့ဆရာ၊ ဆရာမများလောက် တန်ဖိုးမထားကြတာ၊ မလေးစားကြတာကို တွေ့နေရတယ်လို့ ဆိုပါတယ်။
အလယ်တန်း၊ အထက်တန်းမှာ မသင်နိုင်လို့ မူလတန်းမှာ သင်ရတာဆိုတဲ့ မကျေနပ်စိတ်နဲ့ သင်နေတဲ့ ဆရာ၊ ဆရာမတွေဟာ ဘယ်လိုမှ စေတနာ ပါနိုင်မှာ မဟုတ်တဲ့အတွက် မိမိတို့အလုပ်လောက် မွန်မြတ်တဲ့ အလုပ်မရှိဘူး၊ မိမိတို့ဟာ မိမိတို့ရဲ့နောက်မျိုးဆက်တွေကို ပြုစု ပျိုးထောင်ပေးမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ် ဆိုတဲ့ ယုံကြည်ချက်ပေါ်မှာ အခြေခံပြီး စေတနာနဲ့လုပ်ပေးသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အကြံပြုပါတယ်။
“ကျမကတော့ မူလတန်း ပညာရေးကို အင်မတန်မှ အလေးထားပါတယ်။ တချို့နိုင်ငံတွေမှာ မူလတန်း ဆရာ၊ ဆရာမများကို အထက်တန်းဆရာ၊ ဆရာမ ထက်ပိုပြီး ကြီးတဲ့ လစာပေးပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြေပါတယ်။
ဒါ့အပြင် ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်ဟာ မိမိတို့ရဲ့ ကျောင်းသူ/သားများရဲ့ အရည်အချင်း ပြည့်ဝမှုသာ ဖြစ်ကြောင်း၊ ငွေရေးကြေးရေးလည်း မဟုတ်သလို လေးစားခံရတဲ့ ကိစ္စလည်း မဟုတ်ကြောင်း၊ အဲဒါကြောင့် တချို့ ဆရာ၊ ဆရာမတွေဟာ ကိုယ့်ရဲ့အချိန်က ဖဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများ ပညာဘက်မှာ အားနည်းတဲ့ ကျောင်းသူ၊ ကျောင်းသားများကို အပိုသင်ပေးတာ မကြာခဏ တွေ့နေရတယ်လို့ သူက ဆိုပါတယ်။
“ကျူရှင် မဟုတ်ပါဘူး။ လခယူပြီး သင်ပေးတာ မဟုတ်ပါဘူး။ အများအားဖြင့် ကျောင်းမတက်ခင်အချိန်၊ ကျောင်းမုန့်စားလွှတ်တဲ့အချိန်၊ ကျောင်းပြီးချိန်၊ ဆရာ၊ ဆရာမတွေဟာ ကိုယ့်ရဲ့အချိန်ကိုဖဲ့ပြီး အားနည်းတဲ့ ကျောင်းသားတွေကို ကိုယ့်အချိန်ကိုဖဲ့ပြီး သင်ပေးတာ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။
ပြီးတော့ ဆရာ၊ ဆရာမဆိုတာ ကိုယ်သင်မယ့် ဘာသာရပ်တွေအပြင် ကိုယ်သင့်မယ့့် ကလေး အကြောင်းကို သိဖို့ဟာ အရေးအကြီးဆုံး ဖြစ်ကြောင်း၊ နောက်ဆုံး ကိုယ်သင်မယ့် ကလေးအကြောင်းကိုသာမက ကိုယ့်ကိုယ်ကို သိဖို့လည်း လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“တကယ့်ပညာဆိုတာ ဘဝတလျှောက် သင်ယူသွားမယ့် ကိစ္စပဲ။ ကိုယ်တိုင်က ဘဝတလျှောက် သင်ယူလိုတဲ့စိတ် မရှိရင် ဘယ်သူ့ကို ပညာပေးနိုင်မှာလဲ။ အဲဒီတော့ ကျမတို့ရဲ့ အခြေခံပညာ တာဝန်ယူတဲ့ဆရာ၊ ဆရာမများ ပညာရေးဌာနမှ ဝန်ထမ်းများ အားလုံးဟာ သင်ယူချင်တဲ့ စိတ်ဓာတ်တွေ ပထမဦးဆုံး မွေးဖို့က အင်မတန်မှ အရေးကြီးပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဆရာ၊ ဆရာမများ အနေဖြင့် ကိုယ့်ရဲ့အလုပ်ကို ပြန်စဉ်းစာလိုက်ရင် ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို လေ့လာလိုက်ရင် ကျေနပ်မှုအပြည့် ဖြစ်စေချင်ပြီး ဒီလိုကျေနပ်မှုအပြည့်ရှိရင် အခြေခံပညာရေးစနစ်ဟာ အခုခေတ်မှာသာမက နောင်လာနောက်သားတွေ မျိုးဆက်တဆက်ပြီး တဆက် ကျေနပ်နိုင်မယ့် ဂုဏ်ယူနိုင်မယ့် ကျေးဇူးတရားနဲ့ လေ့လာနိုင်တဲ့ ပညာရေးစနစ် ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။