မြစ်ကြီးနားမြို့၌ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က တပ်မတော်သားက ပစ်ခတ်လိုက်သည့် သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့သည့် ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ဂွမ်ဆိုင်းအောင် သေဆုံးမှုနှင့်ပတ်သက်ပြီး တပ်မတော်၏ ရှင်းလင်းချက်များသည် ဖြစ်စဉ်နှင့် လွဲချော်နေသည်ဟု ထိုဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နေသူများက ပြောဆိုသည်။
ဂွမ်ဆိုင်းအောင် သေဆုံးသည့်အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးခွန်နောင်က “ သူတို့(တပ်မတော်) ရှင်းတာက ဖြစ်စဉ်အမှန်နဲ့ ကွဲလွဲနေတာတွေ တွေ့ရတယ်” ဟု ဧရာဝတီကို ပြောသည်။
ဇူလိုင် ၂၀ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗလမင်းထင်တံတားဂိတ်တွင် လုံခြုံရေးတာဝန်ကျနေသည့် တပ်သား ၂ ဦးထံသို့ ဇွန်လ ၂၀ ရက်၊ ည ၉ နာရီ ဝန်းကျင်က အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့က ၎င်းတို့ကိုလူငယ်တစုက နှောင့်ယှက်နေသဖြင့် ရပ်ကွက်အတွင်းသို့ လိုက်ပို့ပေးရန် အကူအညီတောင်းရာ လိုက်ပို့ခဲ့ကြောင်း အပြန်လမ်းတွင် ဂွမ်ဆိုင်းအောင်အပါအဝင် လူငယ် ၄ ဦးက ဆဲဆိုထိုးကြိတ်ကာ တပ်သားမောင်မောင်ထံမှ သေနတ်လုသဖြင့် ကျည်ထွက်ပြီး သေဆုံးရခြင်း ဖြစ်ကြောင်းနှင့် ရည်ရွယ်၍ ပစ်ခတ်ခဲ့ခြင်း မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အကူအညီတောင်းကြသည့် အရပ်သား ၄ ဦးကို လုံခြုံရေးအရာရှိ ဗိုလ်ကြီးကျော်သက်က ဒုတပ်ကြပ် နန်ဟီးခင်တန်နှင့် တပ်သားမောင်မောင်တို့အား ယူနီဖောင်းအပြည့်အစုံ၊ အမ်အေ – ၁ သေနတ် ၁ လက် ၊ ကျည်အိမ် ၁ ခုဖြင့် လိုက်ပို့စေရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးက ထည့်သွင်းပြောသည်။
“နှစ်ဦးထဲကတဦးက တပ်သားမောင်မောင်ကို အနောက်ကချုပ်ပြီး မောင်ဂွမ်ဆိုင်းအောင်က မျက်နှာနဲ့ဦးခေါင်းကို ထိုးကြိတ်ပြီး သေနတ်ကိုလုပါတယ်။ ဒီသေနတ်သာ အလုခံလိုက်ရမယ်ဆိုရင် အန္တရာယ် အရမ်းကြီးသွားပါပြီ၊ ဒါကို ရဲဘော်ဖြစ်သူက ကာကွယ်ပါတယ်” ဟု ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆိုသည်။
ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက ထိုသို့ပြောဆိုခဲ့မှုအပေါ် ရှေ့နေဦးခွန်နောင်က ဖြစ်စဉ်အမှန်နှင့် တပ်မတော်၏ပြောဆိုချက် ကွဲလွဲနေသည်ဟု ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဂွမ်ဆိုင်းအောင်အမှုကိစ္စသည် လက်ရှိအချိန်၌ ရဲက အမှုတည်ဆောက်နေဆဲ ကာလဖြစ်ပြီး၊ အမှုကိစ္စတခု မှန်သည်မှားသည်ကို တရားရုံးကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းကြောင့် အမှုနှင့်သက်ဆိုင်သည့် အချက်အလက်များကို တရားရုံးသို့ တင်ပြပြီး အမှန်တရားပေါ်ပေါက်အောင် ကြိုးစားမည်ဟု ဦးခွန်နောင်က ဆိုသည်။
ဂွမ်ဆိုင်းအောင်အား ရင်ခွဲစစ်ဆေးရာတွင် ညာဘက်ရင်အရှေ့ဘက်ညှပ်ရိုး အလယ်ပိုင်းမှ ကျည်ဆန်ဝင်သွားပြီး ဝဲပုခုံး၊ ညှပ်ရိုးအလယ်ပိုင်းတလျှောက် လေပြွန်၊ အစာပြွန်နှင့် လည်ပင်းဝဲဘက် သွေးကြောမကြီးတို့ကိုဖြတ်ကာ ဝဲဘက်ပုခုံးမှ ကျည်ထွက်သွားသည့် သေနတ်တချက်တည်း ထိမှန်သည့် ဒဏ်ရာတွေ့ရပြီး အခြားနေရာများတွင် အတွင်းဒဏ်ရာများ မတွေ့ရကြောင်း တပ်မတော်က ပြောဆိုသည်။
“လုတာကိုရုန်းဖယ်ရင်း သေနတ်က ကျည်ထွက်သွားတာပါ။ ဒါကိုလည်း ကျနော်တို့ဘက်က စစ်ဘက် ဥပဒေတွေနဲ့အညီ စစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆက်ပြောသည်။
ဂွမ်ဆိုင်းအောင် သေဆုံးမှုနှင့် ပတ်သတ်၍ မြစ်ကြီးနားမြို့၊ အမှတ်(၁) ရဲစခန်းက တပ်သားမောင်မောင်ကို လူသေဆုံးမှု ပုဒ်မ (၃၀၄) ဖြင့် တရားစွဲဆိုထားပြီး၊ ဇူလိုင်လပထမပတ်က တရားရုံးသို့ အမှုတင်နိုင်ရန် အမှုတည်ဆောက်ခြင်း၊ သက်သေများနှင့် ဖြစ်စဉ်တွင်ပါဝင်နေသူများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဦးခွန်နောင်က ပြောသည်။
တပ်မတော်က တရားရုံး မရောက်ရှိသေးသည့်အမှုကို သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းခြင်းနှင့် ပတ်သတ်၍ ဦးခွန်နောင်က “ တပ်သားမောင်မောင် မှားခြင်း၊ မမှားခြင်းကို တရားရုံးမှာ စီရင်ဆုံးဖြတ်ပြီးမှ အပြစ် ရှိ/မရှိ ဆိုတာ ဆုံးဖြတ်ရမှာပါ။ တရားရုံးမှာတောင် ဘာမှမလုပ်ရသေးဘဲ သူတို့က တပ်သားမောင်မာင်က ဘာမှမမှားဘူးဆိုတဲ့ ပုံစံမျိုး လုပ်တာက တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကျော်ပြီးလုပ်နေတယ်လို့ ယူဆပါတယ်” မှတ်ချက်ပြုသည်။
ဂွမ်ဆိုင်းအောင် သေဆုံးမှုနှင့်ပတ်သတ်ပြီး အမှုမှန်ကိုဖော်ထုတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည့် ကချင်တိုင်းရင်းသူ ဂျာဘောက်နှင့် ပတ်သက်ပြီး ၎င်းသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့မှ စစ်သင်တန်းဆင်းတဦး ဖြစ်ကြောင်းနှင့် နိုင်ငံရေးအရ အမြတ်ထုတ်ရန် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်က ပြောဆိုသည်။
ဂျာဘောက်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများက တပ်မတော်က ပြောဆိုချက်မှာ မှားယွင်းကြောင်း၊ ဂျာဘောက်သည် ကချင်အဆိုတော်တဦးဖြစ်ပြီး စစ်ဝတ်စုံတီရှပ် ဝတ်ထားသည့်ဓါတ်ပုံမှာ သီချင်းခွေတွင် သရုပ်ဆောင်ထားခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။
ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) ကို အဖွဲ့အစည်းတခုက သိန်း ၅၀ ပေးခဲ့ပြီး အဆိုပါ သိန်း ၅၀ ကို PCG က ဂွမ်ဆိုင်းအောင် မိသားစုနှင့် ကချင်နှစ်ခြင်းအသင်းတော် (KBC) ကို ပေးခဲ့သည်ဟူသော တပ်မတော်က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုချက်မှာလည်း စွပ်စွဲချက်သက်သက်သာ ဖြစ်သည်ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက ငြင်းဆိုသည်။
“ကျနော်တို့ အဲဒီကိစ္စမှာ သိန်း ၅၀ ကို လုံး၀ လက်ခံရရှိတာ မရှိပါဘူး။ ကျနော်တို့ KBC နဲ့ ဂွမ်ဆိုင်းအောင် မိသားစုကိုလည်း ပေးတာမရှိပါဘူး။ သိန်း ၅၀ ကိစ္စကို သိလည်းမသိဘူး၊ နားလည်းမလည်ဘူး။ အခုလို အများပြည်သူရှေ့မှာရှင်းပြီး ကျနော်တို့ နာမည်ပါသွားတာ စိတ်မကောင်းဘူး” ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
PCG အနေဖြင့် အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား ယခင်အစိုးရလက်ထက်မှစ၍ ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် ကြားဝင်ညှိနှိုင်းပေးသည့် အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ဂွမ်ဆိုင်းအောင်အမှုကိစ္စတွင် အမှုမှန် ပေါ်စေလိုသဖြင့် ကချင်အရပ်ဘက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ရာတွင် အဖွဲ့တဖွဲ့အနေဖြင့် ဝင်ရောက်ကူညီခြင်း ဖြစ်သည်ဟု ဦးလမိုင်ဂွမ်ဂျာက ဆက်ပြောသည်။
တပ်မတော်က PCG ကို အများပြည်သူရှေ့တွင် ထိုသို့စွပ်စွဲခဲ့မှုနှင့် ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာတင်တိုင်ကြားရန် PCG က ဆောင်ရွက်နေသည်ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။