မကြာသေးခင်က အတည်ပြု ထုတ်ပြန်ခဲ့သော မြို့ပြစီမံခန့်ခွဲရေး စံချိန်စံနှုန်းသစ်များအရ ဆိုင်းငံ့ခံခဲ့ရသော ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံ စီမံကိန်းများ၏ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ၎င်းတို့၏ နစ်နာမှုများကို နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ အသနားခံစာတစောင် ပေးပို့သွားရန် စီစဉ်နေသည်။
နစ်နာသောလုပ်ငန်းရှင်များက ရန်ကုန်မြို့တော်ဝန် နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမောင်မောင်စိုးထံသို့လည်း အသနားခံစာတစောင် ယခုရက်ပိုင်းအတွင်း ပေးပို့ထားပြီးဖြစ်သည်။
အထပ်မြင့် အဆောက်အအုံစီမံကိန်းများ (၉ ထပ်နှင့် အထက်အား အထပ်မြင့်အဆောက်အအုံဟု သတ်မှတ်သည်) အား ပြန်လည်စိစစ်ရန် အဖွဲ့ဝင် ၁၃ ဦးပါဝင်သည့် ကော်မတီတခုကို ပြီးခဲ့သည့်လက ရန်ကုန်တိုင်းအစိုးရက ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီက လက်ရှိဆောက်လုပ်နေသော အဆောက်အအုံ ၁၂ ခုအား အထပ်လျော့ချရန်၊ မူလဒီဇိုင်းအတိုင်း ကားပါကင် ထည့်သွင်းရန်နှင့် ၎င်းတို့၏ လုံခြုံရေးစံနှုန်းများကို မြင့်တင်ရန် အကြံပြု ညွှန်ကြားခဲ့သည်။
အဆိုပါ ကော်မတီတွင် ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများ၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးပညာရှင်များ နှင့် တိုင်းအစိုးရ ဝန်ကြီးတဦးပါဝင်ပြီး ၁၂ ထပ်နှင့် ၂၉ ထပ်ကြားဆောက်လုပ်မည့် အဆောက်အအုံများကို ဇွန်လတွင် စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“အခုလို ဆုံးဖြတ်ချက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းတခုစီတိုင်း ဘယ်လောက် ဆုံးရှုံးရနိုင်တယ်ဆိုတာ မြို့တော်ဝန်ကို ကျနော်တို့ စာတင်ခဲ့ပါတယ်” ဟု ရပ်ဆိုင်းခံရသည့် အဆောက်အအုံ လုပ်ငန်းရှင်များထဲမှ တဦးဖြစ်သည့် MKT ဆောက်လုပ်ရေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။
နစ်နာသောဆောက်လုပ်ရေးလုပ်ငန်းရှင်များက လက်မှတ်ရေးထိုးပြီး မြို့တော်ဝန်ထံပို့ခဲ့သောစာတွင် စီမံကိန်းတခုစီတိုင်းအတွက် ပျမ်းမျှ အမေရိကန် ဒေါ်လာ သန်း၂၀ ဆုံးရှုံးရနိုင်သည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် ယင်းဆောက်လုပ်ရေးစီမံကိန်းများမှာ YCDC ၏ ကနဦး မူအားဖြင့် အပြီးသတ် ခွင့်ပြုချက် ရရှိထားခဲ့ပြီးဖြစ်သည်ဆိုသောအချက်ကိုလည်း ထည့်သွင်းဖော်ပြခဲ့ကြောင်း ဦးမျိုးမြင့်က ပြောသည်။
ထိုနစ်နာသောလုပ်ငန်းရှင်များက နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သို့ ပေးပို့မည့် အသနားခံစာတွင် အချက်အလက်များကို ပိုမိုပြည့်စုံစွာ ထည့်သွင်းတင်ပြရန်နှင့် နောက်ထပ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ လက်မှတ်များကိုလည်း ထည့်သွင်းရန် ပြင်ဆင်နေကြောင်း ဦးမျိုးမြင့်က ဆိုသည်။
“ကျနော်တို့ အထပ်မြင့်အဆောက်အဦး စိစစ်ရေးကော်မတီကို ဆန့်ကျင်တာတော့ မဟုတ်ပါဘူး။ ဒီမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ သူတို့ကို သိစေချင်ရုံပါပဲ”ဟု ဦးမျိုးမြင့်က ပြောသည်။
မေလနောက်ပိုင်းတွင် YCDC ကအထပ်မြင့် အဆောက်အအုံ ၂၀၀ ကျော်ကို ဆိုင်းငံ့ရန် ညွှန်ကြားခဲ့သည်။ ထိုအဆောက်အအုံအများစုက YCDC မှ ကနဦးခွင့်ပြုချက်သာ ရရှိထားပြီး နောက်ဆုံးခွင့်ပြုချက် မရှိပေ။