မြန်မာအစိုးရအနေဖြင့် ကျေးရွာတခုအနီး တည်ဆောက်ထားသော အန္တရာယ်ရှိသည့် ဆာလ်ဖျူရစ် အက်ဆစ် စက်ရုံတရုံကို နေရာရွှေ့ပြောင်းရန် အမိန့်ချမှတ်သင့်ကြောင်း လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International – AI) က ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
မကြာသေးမီက မြန်မာနိုင်ငံတွင် AI က သုတေသနတခု ဆောင်ရွက်ခဲ့ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကံကုန်းကျေးရွာတွင် နေထိုင်သူများက စက်ရုံမှထွက်သည့် ပြင်းထန်သော အနံဆိုးများကို ခံစားနေရကြောင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ၊ အရေပြားနှင့် မျက်လုံး ပြဿနာများ ကြုံတွေ့နေရကြောင်း ပြောပြခဲ့ကြသည်။ ဒေသတွင်းမှ ကောက်ပဲသီးနှံများကိုလည်း ထိခိုက်ပျက်စီးစေကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၁၅ ရက်တွင် လုပ်ငန်းများ ပြန်လည်စတင်ခဲ့ပြီးနောက် လေထု ညစ်ညမ်းလာသည့်အတွက် စက်ရုံနှင့် မီတာ ၅၀ ခန့်သာဝေးသည့် နေရာတွင် ရှိသည့် စာသင်ကျောင်းသို့ ကျောင်းသား အများစု ကျောင်းမတက်နိုင်တော့ကြောင်း ကျေးလက်ပြည်သူများက ပြောသည်။
၂၀၁၃ ခုနှစ်တွင် အစိုးရနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO တခုတို့မှ မြေဆီလွှာစမ်းသပ်စစ်ဆေးမှု တခု ပြုလုပ်ခဲ့ရာတွင် မြေဆီလွှာထဲတွင် ဆာလ်ဖိတ် (sulphates) ပါဝင်မှု မြင့်မားနေကြောင်း တွေ့ရှိခဲ့ရသည်။ စမ်းသပ် စစ်ဆေးမှု၏ ရလဒ်များကြောင့် အက်ဆစ် စက်ရုံနှင့် ၎င်း၏ သက်ရောက်မှုများ အပေါ် အလေးအနက် စိုးရိမ်မှုများ ပေါ်ပေါက် လာစေခဲ့သည်။
“မြန်မာ အစိုးရအနေနဲ့ အမြန်ဆုံး ဝင်ရောက်စွက်ဖက်ပြီး ဆာလ်ဖြူရစ် စက်ရုံ လုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းခိုင်းသင့်ပါတယ်။ စက်ရုံကို ဘယ်သူ့ရဲ့ ကျန်းမာရေးကိုမှ မထိခိုက်နိုင်တဲ့ နေရာတခုခု ကို ရွှေ့ပြောင်း ပစ်ဖို့ လိုတယ်” ဟု Amnesty International မှ စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ သုတေသီ Mark Dummett က ကပြောသည်။ သူက ကံကုန်းကျေးရွာသို့ ပြီးခဲ့သည့် လ အတွင်းက သွားရောက်လေ့လာခဲ့သူ ဖြစ်သည်။
မိုးကြိုး ဆာလ်ဖျူရစ် အက်ဆစ် စက်ရုံကို ၂၀၀၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သော ကော်မတီ၏ စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ခဲ့သော စက်ရုံလည်း ဖြစ်ပါသည်။ အဆိုပါစက်ရုံကို ဒေသအာဏာ ပိုင်များ၏ ခွင့်ပြုချက်မပါဘဲ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မတီက တွေ့ရှိခဲ့ရသည်။
စက်ရုံကို ပိုင်ဆိုင်သော စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် (UMEHL) က နောက်ပိုင်းတွင် စက်ရုံလည်ပတ်ခွင့် ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ၌ ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ခွင့်ပြုချက်မရှိဘဲ စက်ရုံတခုလည်ပတ်ခြင်းက ရာဇဝတ်မှုမြောက်သော်လည်း အစိုးရက အဆိုပါကိစ္စ ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်နှင့် စက်ရုံကို ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တရားမဝင် လုပ်ငန်းလုပ်ကိုင်ခဲ့သော UMEHL ကို ပြစ်ဒဏ် တစုံတရာချမှတ်ရန်လည်း ပျက်ကွက်ခဲ့သည်။
အသစ်ရွေးချယ်တင်မြှောက်လိုက်သော စည်ပင်သာယာရေး အဖွဲ့အာဏာပိုင်များက နှစ်စဉ် အသစ်တိုးရသည့် စက်ရုံ လုပ် ငန်း လိုင်စင်သက်တမ်းကို ထပ်မတိုးပေးရန် ပြီးခဲ့သည့်လအတွင်းတွင် ဆုံးဖြတ်ခဲ့ကြောင်းနှင့် စက်ရုံ၏ ကျန်းမာရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို လေ့လာအကဲဖြတ်မှုကို စောင့်ဆိုင်းသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောသည်။
သို့သော်လည်း စက်ရုံကို တလ ကျော်ခန့်သာ ရပ်နားပြီးနောက် လုပ်ငန်းလိုင်စင်ကို သက်တမ်းမတိုးဘဲ လုပ်ငန်းများကို ပြန် လည်ဆောင်ရွက်နေခဲ့သည်ဟု ဒေသခံများကပြောကြသည်။ စည်ပင်သာယာရေးအဖွဲ့ထံမှ လိုင်စင် မရှိသော်လည်း ဗဟိုအစိုးရက စက်ရုံကို လည်ပတ်ခွင့်ပြုထားဆဲ ဖြစ်သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူ တဦးကပြောသည်။
“UMEHL အနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေ ကို ဥပေက္ခာမပြုသင့်ပါဘူး။ ထိခိုက်နစ်နာနေတဲ့ ပြည် သူတွေရဲ့ အလေးအနက်တောင်းဆိုမှုတွေကိုလည်း နားထောင်သင့်ပါတယ်။ ဗဟိုအစိုးရ အနေနဲ့လည်း စက်ရုံရဲ့ လုပ်ငန်း လည်ပတ်မှုတွေကို ရပ်ဆိုင်းပြီး လုံခြုံစိတ်ချရတဲ့ နေရာကို ရွှေ့ပြောင်းပေးဖို့ လိုပါတယ်” ဟု Mark Dummett က AI ၏ ထုတ်ပြန်ကြေညာချက်တွင် ပြောသည်။
မိုးကြိုး ဆာလ်ဖျူရစ် အက်ဆစ်စက်ရုံသည် လက်ပံတောင်းနှင့် စပယ်တောင်နှင့် ကြေးစင်တောင် ရှိ ကြေးနီသတ္တုတွင်း ၂ ခု သို့ ဆာလ်ဖျူရစ် အက်ဆစ်များ ထောက်ပံ့ပေးနေသည်။ အဆိုပါ သတ္တုတွင်းများသည် UMEHL နှင့် တရုတ်နိုင်ငံမှ ဝမ်ပေါင် သတ္တုတွင်း ကုမ္ပဏီတို့ ဖက်စပ်ဆောင်ရွက်နေသည့် လုပ်ငန်းများ ဖြစ်ကြသည်။
နိုင်ငံတကာတွင် ကျင့်သုံးသည့် အလေ့အထအရ ဘေးအန္တရာယ်များသည့် ဓာတုပစ္စည်းထုတ်လုပ်သည့် စက်ရုံတခု တည်ထောင်လျှင် လူများ ဘေးကင်းလုံခြုံမှု သေချာစေရပြီး လူနေဧရိယာနှင့်လည်း ကြားခံနယ်မြေတခုထားရှိရမည် ဖြစ်သည်။
စက်ရုံတခု နေရာချထားပေးခြင်း မပြုမီ လုပ်ငန်းလုပ်ကိုင်မည့် UMEHL က သင့်တော်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှု ရေး သက်ရောက် မှုလေ့လာဆန်းစစ်မှု ပြုလုပ်ခြင်း၊ ထိခိုက်သည့် ပြည်သူများနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခြင်း၊ လုပ် ငန်း ဆောင်ရွက်စဉ်နှင့် မဆောင်ရွက်မီ ဘေးကင်းလုံခြုံမှုဆိုင်ရာ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြသခြင်းများ သေချာ စေရေးကို အစိုးရက ဆောင်ရွက်ရန် လိုသည်ဟု AI က ဆိုသည်။