နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စုသို့ လာရောက်လည်ပတ်ရန် အမေရိကန်သမ္မတ အိုဘားမား၏ ဖိတ်ကြားမှုကို လက်ခံခဲ့ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က မြန်မာအစိုးရက ပြော ကြောင်း ရိုက်တာသတင်းတပုဒ်က ရေးသည်။
ထိုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် နိုဝင်ဘာလတွင် ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် အမေရိကန်နိုင်ငံသို့ ပထမဆုံး ခရီးစဉ် ဖြစ်ပါလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ဦးနှစ်ဖက် အဆင်ပြေသည့်အချိန်တွင် သွားရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။
အခြား အစိုးရသတင်းအရင်းအမြစ်များအရ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလတွင် နယူးယောက်မြို့၌ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် တဆက်တည်း အမေရိကန်သို့ အလည်အပတ် သွားရောက်မည်ဟု ယူဆရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် စစ်အုပ်ချုပ်ရေးကို ဆယ်စုနှစ်များစွာ ဆန့်ကျင်ပြီးနောက် သမိုင်းဝင် နိုဝင်ဘာလ ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အစိုးရတရပ်ဖွဲ့စည်းနိုင်ခဲ့သည်။
ဧပြီလတွင် အရပ်သားတပိုင်း ဦးသိန်းစိန်အစိုးရထံမှ တိုင်းပြည်အုပ်ချုပ်ရေးကို လွှဲပြောင်းရယူခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်က အိုဘားမားရဲ့ သမ္မတ သက်တမ်းမကုန်ခင်မှာ အမေရိကန်ကို သွားရောက်ဖို့ သူ့ရဲ့ ဖိတ်ကြားချက်ကို လက်ခံခဲ့တာပါ” ဟု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက ပြောသည်။
အမေရိကန်နိုင်ငံ၏ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေး ဘန်ရုဒ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဇူလိုင်လ ၂၀ ရက်နေ့ နေပြည်တော်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာ၌ သမ္မတ အိုဘားမား၏ ဖိတ်ကြားမှုကို ပြောကြားခဲ့ခြင်းဖြစ်သည်။
အသက် ၇၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ သားနှစ်ယောက်မှာ မြန်မာနိုင်ငံသား မဟုတ်သောကြောင့် ယခင်စစ်အာဏာရှင်လက်အောက်တွင် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် တားမြစ်ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေး ဝန်ကြီးရာထူးနှင့် အစိုးရ ရာထူးအသစ်ဖြစ်သည့် နိုင်ငံတော် အတိုင်ခံ ပုဂ္ဂိုလ် ရာထူးကို တာဝန်ယူခဲ့ပါသည်။ ထိုရာထူးအသစ်တွင် သူသည် အစိုးရအဖွဲ့တခုလုံးကို တာဝန်ယူထားခြင်းဖြစ်သည်။
ခရီးစဉ်နှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက တစုံတရာ မှတ်ချက်မပြုခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်ချုပ်မှု ကာလအတွင်း နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီး ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် အတိုက်အခံခေါင်းဆောင်အဖြစ် အမေရိကန်သို့ သွားရောက်လည်ပတ်ခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာ ၁၃ ၇က်မှ ၂၆ ရက်အထိ နယူးယောက်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲပြီးနောက် ဇန်နဝါရီလတွင် သမ္မတ သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။