ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်ခရိုင်အတွင်းရှိ ပြည်၊ ပေါင်းတည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ သဲကုန်းနှင့် ရွှေတောင်မြို့များတွင် လူပေါင်း ၉၀ ကျော် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေပြီး ကူးစက်မြန် ပြင်းထန်ဖြစ်ပွားမှုများလည်း ရှိနေကြောင်း ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာတင်ရွှန်း က ပြောသည်။
၎င်းက “မနေ့က ကူးစက်မြန် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ့ရှိကြောင်း အတည်ပြုတဲ့ အဖြေပို့တာကို လက်ခံရရှိပါတယ်။ အခုချိန်အထိ ကျနော်တို့ဆေးရုံကို ဝမ်းပျက်ဝမ်းလျှော လူနာ ၉၆ ယောက် တက်ရောက်ကုသနေပါတယ်။ မနေ့ကအထိ တယောက်မှ သေဆုံးခြင်း မရှိသေးပါဘူး။ ၉၆ ယောက်ထဲမှာ ပြင်းထန်က ထက်ဝက်လောက်ရှိပါတယ်” ဟု ရှင်းပြသည်။
ဇူလိုင် ၁၁ ရက်နေ့က ဝမ်းပျက်ဝမ်းလျှောဖြစ်သွားသူနှင့် သွေးပေါင်ကျကာ ရှော့ခ် ဖြစ်နေသူ လူနာ ၁၅ ဦးခန့် ဆေးရုံသို့ ရောက်ရှိလာကြောင်း၊ ရောဂါအနေအထားကို ဆေးရုံက သံသယရှိသဖြင့် ရောဂါရှာဖွေရေး အထူးကုနှင့် ဓာတ်ခွဲ စစ်ဆေးခဲ့ရာ သံယသရှိဖွယ် အဖြေထွက်နေသဖြင့် ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်း သို့ ပို့၍ စစ်ဆေးခဲ့ကြောင်း၊ ဇူလိုင် ၂၁ ရက်တွင် ကူးစက်မြန် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ တွေ့ရှိကြောင်း အတည်ပြုချက် အဖြေလွှာ ပြန်လည် ပေးပို့လိုက်ကြောင်း သိရသည်။
ဆေးရုံအုပ်ကြီး ဒေါက်တာတင်ရွှန်း၏ အဆိုအရ အဆိုပါ ရောဂါဖြင့် ဆေးကုသမှု ခံယူနေရသူများမှာ ပြည်ခရိုင်အတွင်းရှိ ၆ မြို့နယ်မှ လူနာများအပြင် မကွေးတိုင်း အောင်လံမြို့မှ လာရောက်၍ ကုသခံသူများလည်း ပါဝင်ပြီး လူကြီးများတွင် အဖြစ်များကြောင်းနှင့် ပြည်မြို့ရှိ နဝင်းရပ်ကွက်နှင့် ရွာဘဲရွက်ကွက်များတွင် ဖြစ်ပွားမှုအများဆုံး ကြုံတွေ့နေရကြောင်း သိရသည်။
နေပြည်တော် ကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့် ပဲခူးတိုင်း ပြည်သူကျန်းမာရေး အဖွဲ့များ လာရောက်၍ ကွင်းဆင်းကာ ဆေးစစ်မှုများ ပြုလုပ်နေကြောင်း၊ ပညာပေးဟောပြောပွဲများနှင့် ကျန်းမာရေးဝန်ထမ်းများမှ သောက်သုံးရေများကို ကလိုရင်း ဘက်တီးရီးယား ပိုးသတ်ဆေးများ ခတ်ပေးနေကြောင်း သိရသည်။
“ဝမ်းပျက်ဝမ်းလျှော ရောဂါ အဖြစ်များလို့ ဆိုပြီး ကျန်းမာရေးအဖွဲ့က မနေ့က ကျမတို့ရပ်ကွက်ထဲ ရေကန်နဲ့ အဝီစိတွင်းတွေထဲမှာ ပိုးသတ်ဆေး လာခတ်ပေးသွားတယ်” ရွာဘဲရပ်ကွက်နေ အိမ်ရှင်မတဦးက ပြောသည်။
အဆိုပါရောဂါသည် ယင်ကောင်၊ ရေ၊ အစားအသောက်နှင့် မသန့်ရှင်းသော လက်များမှတဆင့် ကူးစက်နိုင်ကြောင်းနှင့် အစားအသောက်၊ ရေ၊ လက်နှင့် အိမ်သာများအား သန့်ရှင်းစွာ ထားခြင်းဖြင့် ကာကွယ်နိုင်ကြောင်းနှင့် အသုပ်ဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များ ပိတ်ထားရန်နှင့် ရောင်းချမည်ဆိုပါက ယင်မနားစေရန် ပြုလုပ်ရောင်းချရန် ဒေသခံအာဏာပိုင်များအား အကူအညီတောင်းခံထားကြောင်း ဒေါက်တာတင်ရွှန်းက ပြောသည်။