လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ မြေမြှုပ်မိုင်း တက်နင်းမိလို့ ရှေ့ခြေတဖက် ဆုံးရှုံးခဲ့ရတဲ့ ဆင်မလေး မိုရှာဟာ ဇူလိုင်လ ၂၀ ရက်နေ့မှာ ကိုးခုမြောက် ခြေအတုကို ရရှိခဲ့လို့ Reuters သတင်းတရပ်အရ သိရှိ ရပါတယ်။
မြေမြုပ်မိုင်းကိုတက်နင်းမိစဉ်တုန်းက မိုရှာဟာ အသက်၇ လပဲရှိသေးတာဖြစ်ပြီး ဒီမတော်တဆမှုဖြစ်ပွားပြီးနောက်မှာတော့ သူ့ကို ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်ပြည်နယ်ထဲမှာ အာရှဆင်များ၏မိတ်ဆွေများဖောင်ဒေးရှင်း ကဖွင့်ထားတဲ့ ဆင်ဆေးရုံ ကိုပို့ပေးခဲ့ပါတယ်။
၂နှစ်ကြာပြီး တဲ့နောက်မှာတော့ ခွဲစိတ်ဆရာဝန် သာဒီချိုင် ဂျီဗာကိတ် က မိုရှာအတွက် ခြေတုတချောင်းကို ဖန်တီး တပ်ဆင်ပေးခဲ့ပြီး သူရဲ့ ဘဝသစ်ကိုစနိုင်ခဲ့ပါတယ်။ ဆင်မလေး အသက်ကြီးလာတာနဲ့အမျှ ပိုရှည်ပြီး ပိုမိုခိုင်မာတဲ့ ခြေအတုတွေ ဖန်တီးတပ်ဆင်ပေးခဲ့ရာမှာ ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ ကိုးခုမြောက် ခြေအတုကို တပ်ဆင် ပေးခဲ့တာဖြစ်ပါတယ်။
“(ခြေတုမတပ်ခင်တုန်းက) သူ လမ်းလျှောက်တာ ဟန်ချက်မညီပါဘူး။ ကျောရိုးက ကွေးကောက်သွားတော့မှာ။ သူ သေသွား ကောင်း သေသွားခဲ့နိုင်တယ်” လို့ အသက် ၇၂နှစ်ရှိပြီဖြစ်တဲ့ သာဒီချိုင် က မိုရှာအတွက် နောက်ဆုံး ခြေတုကိုမတပ်ဆင်မီပြောပါတယ်။
ပထမခြေတုတပ်ဆင်တဲ့ အချိန်တုန်း ကီလို၆၀၀ (ပေါင် ၁၃၀၀ ဝန်းကျင်)သာ ရှိတဲ့ မိုရှာဟာ အခုအချိန်မှာတော့ ကိုယ်အလေးချိန် ကီလို ၂၀၀၀ ကျော်ရှိနေပါပြီ။
၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အာရှဆင်များ၏မိတ်ဆွေများဖောင်ဒေးရှင်း ဆင်ဆေးရုံဟာ ကမ္ဘာမှာတော့ ပထမဆုံး ဆင်ဆေးရုံဖြစ်ပြီး လက်ရှိမှာတော့ ဆင် ၁၇ကောင်ကို ကုသပေးနေပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျောက်မှာတော့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ဆယ်စုနှစ်ငါးခု ကျော်ကြာဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေရဲ့ အမွေဆိုးတခုဖြစ်တဲ့ မြေမြုပ်မိုင်းတွေဟာ အများအပြား ကျန်ရှိနေသေးတာဖြစ်ပါတယ်။