အစိုးရ၏ အုပ်ချုပ်ရေးမြို့တော်သစ် နေပြည်တော်အတွက် အသုံးစရိတ်ကို လျှော့ချသုံးစွဲနေပြီး ယခု နှစ် ဘဏ္ဍာနှစ် အတွက် ကျပ် ၁၀ ဘီလီယံသာ ခွင့်ပြုထားသော်လည်း မလိုအပ်သည့် နေရာများတွင် ဘတ်ဂျက် သုံးစွဲမှုကို ဖြတ်တောက်လိုက်ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ပြောသည်။
နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်နှင့် ကောင်စီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက် ကျေးရွာ ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ယမန်နေ့ နေပြည်တော် ဗုဗ္ဗသီရိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ပြီး ယင်းပွဲပြီးနောက် မီဒီယာများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် လွှတ်တော်တွင် ဒေါက်တာမျိုးအောင်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက နေပြည်တော် အသုံးစရိတ် များလွန်းသည်ဟု ဆိုကာ အပြင်းအထန် ဝေဖန်ကြသဖြင့် နောက်ပိုင်းတွင် နေပြည်တော် အသုံးစရိတ်မှာ လျှော့ကျလာခဲ့ကြောင်း သိရှိရသည်။
“ပြီးခဲ့တဲ့ အခေါက်က လျှော့ခိုင်းလိုက်တော့ အခုဒီမှာ လျှော့ပြီး သုံးနေရတယ်။ ကိုယ့်ဟာနဲ့ ကိုယ်ပြန် ထိနေ တယ်”ဟု ဒေါက်တာမျိုးအောင်က ပြောသည်။
ထို့ကြောင့် နေပြည်တော် ကောင်စီ နယ်မြေတွင် လမ်းထပ်ပိုးလွှာခင်းခြင်း၊ လမ်းမီးတိုင်များ စိုက်ခြင်းနှင့် ရေကန် ကြီး များတွင် မလိုအပ်ဘဲ မီးထွန်းခြင်း၊ ရေ ကားကြီးများ အသုံးပြု၍ ရေဖြန်းခြင်းများကို မပြုလုပ်တော့ဘဲ ပြည်သူ များ အတွက် တကယ် လိုအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အစားထိုး ဆောင်ရွက်ပေးမည် ဖြစ်ေ ကြာင်း သိရသည်။
“ထပ်ပိုးလမ်းခင်းတာတွေ၊ မီးတိုင်တွေ စိုက်တာတွေကို ဖြတ်ထားလိုက်တာပေါ့။ ကျေးရွာ ကိစ္စတွေကျတော့ ဒီထဲက သုံးလိုက်တာပေါ့။ ကောင်စီထဲက အသုံးစရိတ်ကို စာရင်းပြောင်းပြီးတော့ ကျေးရွာတွေအတွက် သုံးမယ့် အသုံးစရိတ်တွေလည်း ရှိပါတယ်။ သိပ်အရေးကြီးတဲ့ဟာမျိုးတွေ ကျေးလက် ဘတ်ဂျက်မှာလည်း မပါဘူးဆိုရင် နေပြည်တော်ကောင်စီရဲ့ အသုံးစရိတ်ထဲကနေပြီးတော့ သုံးပေးတာတွေ ရှိပါတယ်။ မီးထွန်းတာတွေလည်း လျှော့ပါတယ်”ဟု ဒေါက်တာမျိုးအောင်က ပြောသည်။
၂၀၁၃ ခုနှစ်တွင် နေပြည်တော်ကောင်စီက နေပြည်တော် တည်ဆောက်ရေးစီမံကိန်းများအတွက် ကျပ် ငွေ ၂၀၀ ဘီလီယံ တောင်းခံထားသည့်အပြင် ငွေလုံး ငွေရင်း အသုံးစရိတ်အဖြစ် ၂၆ ဘီလီယံ ထပ်မံတောင်းခံ လာသော ကြောင့် လွှတ်တော်တွင် အပြင်းအထန်ဆွေးနွေးကြပြီး ငွေလုံးငွေရင်း အသုံးစရိတ်ထဲမှ ၁ ဒသမ ၃ ဘီလီယံကို ဖြတ်တောက်ခဲ့ရကြောင်း သိရှိရသည်။
ထို့ပြင် ပြည်သူ့ဘဏ္ဍာ ကျပ်ဘီလျံပေါင်းများစွာ ကုန်ကျခဲ့သော်လည်း နေပြည်တော်တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် လိုင်စင်ရ ကန်ထ ရိုက်များ၏ အရည်အသွေးကြောင့် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများ၊ ဝန်ကြီးဌာနရုံးတချို့နှင့် အမြန်လမ်း ရဲတပ်ဖွဲ့စခန်းရုံးတို့မှာ ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက် များ ရှိနေကြောင်း သိရသည်။
“အဆောက်အအုံ တွေကို ကြည့်ပါလား။ အက်ကြောင်းတွေ ထနေတာ။ လေနည်းနည်းတိုက်ရင် ကြောက် နေရတယ်”ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
အစိုးရအနေဖြင့် အောက်ခြေတွင် ဖြစ်ပျက်နေသည့် ကိစ္စများကို သိရှိအောင် ဆောင်ရွက်မည်ဖြစ်ပြီး ရက်ပေါင်း ၁၀၀ အတွင်း ထိပ်ဆုံး သမ္မတမှ အောက်ခြေအထိ အစိုးရ ယန္တရား ဆောင်ရွက်ပုံများကို ပြောင်းလဲခဲ့ကြောင်း၊ သို့သော် တကယ် အလုပ်လုပ်ရမည့် အဖွဲ့အစည်းများမှာ ရပ်/ကျေး၊ မြို့နယ်နှင့် ခရိုင်များ ဖြစ်သဖြင့် ၎င်းတို့၏ ဆောင်ရွက်ချက်ပေါ် မူတည်၍ ပြည်သူက အပြောင်းအလဲကို ဆုံးဖြတ်ကြလိမ့်မည်ဟု နေပြည်တော် ကောင်စီ ဥက္ကဌက ပြောသည်။
“နောက်ဆုံး တကယ် အလုပ်လုပ်မယ့် အဖွဲ့အစည်း အဆင့်ဆင့်ကတော့ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အဖွဲ့ အစည်း တွေပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ သဘောတရားအတိုင်း ပြည်သူတွေရဲ့ အောက်ခြေလိုအပ်ချက်တွေကို လာကြားနာတာပါ။ အောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့်က လက်တွေ့ ဖော်ဆောင်နိုင်ခြင်း မရှိဘူးဆိုရင် အထက် က မူဝါဒတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ အောင်မြင်နိုင်မှာ မဟုတ်ဘူး”ဟု ဒေါက်တာ မျိုးအောင်က ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေတွင် မြို့နယ် ၈ ခုရှိရာ ယခုအခါ ၇ မြို့နယ်ရှိ ဒေသခံများနှင့် တွေ့ဆုံပြီး ဖြစ်သဖြင့် တွေ့ဆုံပွဲများမှ ရရှိလာသည့် ရလဒ်များကို ဌာနပေါင်းစုံနှင့် အစည်းအဝေးထိုင်ရာတွင် စဉ်းစား သုံးသပ်သွားမည် ဖြစ်ကြောင်း နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်က ပြောဆိုသည်။