ရှမ်းပြည်နယ်၊ အရှေ့ပိုင်းရှိ တာချီလိတ်ခရိုင်အတွင်းရှိ နာဟိုင်းလုံဒေသတွင် ကုမ္ပဏီများ၏ ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ဒေသခံ ၃၅၀ ခန့် သောက်သုံးရေ အခက်အခဲ ရှိနေကြောင်း သတင်းရရှိသည်။
နာဟိုင်းလုံဒေသသည် မိုင်းလင်း ကျေးရွာအုပ်စုတွင် တည်ရှိပြီး အိမ်ခြေ ၅၉ အိမ် ရှိကြောင်း သိရသည်။
“နမ့်ခမ်းချောင်းက ရေခမ်းပြီး နုန်းတွေ တက်လာတယ်။ ပြီးတော့ ကျနော်တို့ ရေကန်က ရေလည်းမြင့်တက် လာတယ်။ ရေကန်ထဲမှာ ရေညှိတွေလိုလို စိမ်းနေတာ တွေ့နေတယ်။ ရေညှိလည်းမဟုတ်ဘူး။ အခု သောက်ရေကန်တွေ မရှိတော့ ရေဝယ်သောက်နေရတယ်” ဟု နားဟိုင်းလုံ ဒေသခံ စိုင်းစံကျောက်က ဆိုသည်။
ဆက်လက်၍ ၎င်းက ရွှေတူးဖော်သည့် နေရာတွင် အသုံးပြုသော ဆိုင်ရာနိုက် အက်ဆစ်၊ ထုံး၊ ပြဒါး စသည့် ဓာတုပစ္စည်းများကို နမ့်ခမ်းချောင်းအတွင်းသို့ စည်းကမ်းမဲ့ စွန့်ပစ်သဖြင့် ချောင်း တိမ်ကောသွားပြီး နုန်းများ တက်လာကာ သောက်ရေကန် အတွက် အခက်အခဲ ဖြစ်နေသည် ဟု ရှင်းပြသည်။
ဓာတုပစ္စည်းများပါသည့် မြေစာများကို ချောင်းထဲသို့ သွန်းချလိုက်သဖြင့် နုန်းများ မြင့်တက်လာပြီး ချောင်းဘေးတွင် စိုက်ပျိုးသည့် သစ်ပင်များ လယ်ယာများ ပျက်စီးလာကြောင်း၊ လယ်ယာ စိုက်ပျိုးရေး အတွက် အခက်ကြုံ နေချိန်တွင် သောက်သုံးရေ ကိုပါ ဝယ်ယူ သောက်သုံးနေရသဖြင့် အဆင်မပြေကြောင်း ဒေသခံ ဦးစိုင်းစံကျောက် က ပြောသည်။
၂၀၀၇ ခုနှစ် အစောပိုင်းကာလာက ရွှေတူးဖော်မှု စီမံကိန်း မဝင်လာခင်တွင် နားဟိုင်းလုံးကျေးရွာရှိ နမ့်ခမ်းချောင်း သည် ဒေသခံ များအတွက် သောက်သုံးရေ ဖြစ်သလို လယ်ယာစိုက်ပျိုးရေးအတွက်လည်း အသုံးပြုခဲ့ကြောင်း၊ နမ့်ခမ်းချောင်းသည် ၂၀၁၂ ခုနစ်တွင် စတင် တိမ်ကောလာပြီးနောက် ဒေသခံများ ရောဂါ အမျိုးမျိုး စတင်ကြုံတွေ့လာကြောင်း ဒေသခံ သားဖွားဆရာမ နန်းလာ ကပြောသည်။
သူက “နမ့်ခမ်းချောင်းဘေးရှိ သောက်သုံးရေကန်ကို အသုံးပြုတဲ့ ဒေသခံတချို့ လည်ပင်းနှင့်သက်ဆိုင်တဲ့ ရောဂါတွေ၊ ဆီးရောဂါတွေ ဖြစ်လာတာ တွေ့ရတယ်။ သူတို့တွေ ထိုင်း-မြန်မာ နယ်စပ် ဖြစ်တဲ့ မယ်ဆိုင်ဘက်က ဆေးခန်းသွားပြတော့ ဆရာဝန်တွေက သောက်သုံးရေမှာ ပြသာနာ ဖြစ်နေတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ရွာသားတွေ အခုဆို သောက်သုံးရေ ကို မသောက်ရဲတော့ဘဲ ဝယ်သောက်နေကြပါတယ်” ဟု ဆိုသည်။
နားဟိုင်းလုံ ကျေးရွာတွင် ရွှေတူးဖော်မှုကြောင့် လယ်ယာမြေများ ပျက်စီးမှု ဖြစ်ပွားလာသဖြင့် ဒေသခံများ စားဝတ်နေရေး အတွက် အခက်အခဲဖြစ်နေပြီး၊ ကျေးရွာအတွင်း ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ကားကြီးများ နေ့စဉ်ဖြတ်သန်းမှုကြောင့် ကျေးရွာလမ်းများလည်း ပျက်စီးမှုများ ဖြစ်နေသည် ဟု သိရသည်။
“သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ညွန်ကြားရေးမှူး လာရောက် စစ်ဆေးတဲ့အချိန်မှာ လုပ်ကွက်ထဲမှာ ရှိတဲ့ရေ PH နဲ့ နားဟိုင်းလုံဒေသမှာ ရှိတဲ့ရေရဲ့ PH အနေအထားကို စစ်ဆေးတဲ့အခါမှာ လုပ်ကွက်က ရေရဲ့ PH က မြင့်နေတာ တွေ့ရပါတယ်။ အပြင်မှာ ဆိုးဆိုးရွားရွား ဖြစ်တာမရှိဘူးလို့ ပြောသွားပါတယ်” ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း သတ္တုလုပ်ငန်းစဉ်အသင်း မှ အတွင်းရေးမှူး ဦးတင်နွယ်က ဧရာဝတီသို့ပြောသည်။
လက်ရှိတွင် နမ့်ခမ်းချောင်း ရေစီးဆင်းမှုကို အဓိက ပိတ်ဆို့နေသည့် စိုင်းတစ် ကုမ္ပဏီ ကို အစိုးရ ၊ ရှမ်းပြည်နယ်အစိုးရ နှင့် သတ္တုဝန်ကြီးဌာနတို့က အရေးယူ ပိတ်သိမ်းလိုက်ကြောင်း ဦးတင်နွယ်က ပြောသည်။
ယခင်က နားဟိုင်းလုံကျေးရွာတွင် ရွှေတူးဖော်မှုကို တပိုင်တနိုင် လုပ်ဆောင်ခဲ့ပြီး ၂၀၀၇ ခုနစ်မှစတင်၍ ကုမ္ပဏီကြီးများ ဝင်ရောက်လာကာ စက်ယန္တရားကြီးများဖြင့် တူးဖော်လုပ်ကိုင် လာကြခြင်းဖြစ်သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ရွှေတူးဖော်ရေး လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၆၃ ခု ရှိပြီး နားဟိုင်းလုံ ဒေသတွင် စိုင်းတစ်၊ စိုင်း စိုက်ပျိုးရေး၊ လွယ်ခမ်းလုံ စသည့် ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၁၀ ခုကျော်က ရွှေတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်နေကြသည်ဟု ဒေသခံများက ပြောသည်။