သတင်း

အူရီဒူးမြန်မာ ကံစမ်းအစီအစဉ် ဝန်ကြီးဌာန နှင့် ဆွေးနွေးဆဲကာလ ရပ်ဆိုင်းထားမည်

This article has been converted from Zawgyi One to Unicode

အူရီဒူးမြန်မာ (Ooredoo Myanmar)၏ “ခုဖြေခုထော” အစီအစဉ်နှင့် ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနနှင့် ဆွေးနွေးဆဲ ကာလအတွင်း ရပ်ဆိုင်းထားမည် ဖြစ်ပြီး ဆွေးနွေးမှု ရလဒ် မထွက်သေးခင်ကာလအတွင်း အစီအစဉ်တွင် ပါဝင်ခဲ့သူများ၏ ကုန်ကျငွေများကို ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်း အူရီဒူးမြန်မာ က ယနေ့ ထုတ်ပြန် လိုက်သည်။

ထို့အပြင် ငွေပြန်ထုတ်ပေးရန် အတွက် ၄၈ နာရီခန့် စောင့်ဆိုင်းပေးရန် လိုအပ်ကြောင်း၊ အစီအစဉ် ပြန်လည် စတင် နိုင်ချိန် တွင် ရရှိပြီးအမှတ်များ အားလုံး ဆက်လက် အကြုံးဝင်နေမည် ဖြစ်ကြောင်း၊ အူရီဒူး သုံးစွဲသူအားလုံး ကျေနပ်မည်ဟု မျှော်လင့်ကြောင်းနှင့် အဆင်မပြေမှု အားလုံးအတွက် အနူးအညွတ် တောင်းပန်ကြောင်းလည်း အူရီဒူးမြန်မာ ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အူရီဒူးမြန်မာ (Ooredoo Myanmar) ဆက်သွယ်ရေး ကုမ္ပဏီ၏ အရောင်း မြှင့်တင်ရေး အစီအစဉ်တခုဖြစ်သည့်  “ခုဖြေခုထော” အစီအစဉ်သည် လောင်းကစားသဖွယ် ဖြစ်နေသည့် အတွက် ဥပဒေ နှင့် ညီမညီကို စိစစ်မှုပြုလုပ်နေသည်ဟု ဇူလိုင် ၂၃ ရက်က ညွှန်ကြားစာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ညွန်ကြားမှု ဦးစီးဌာန ဒုညွန်ကြားရေးမှူး ဦးစန်းလွင်က “ဌာနကို တင်ပြခြင်းမရှိဘဲလုပ်လို့ ပိတ်ခိုင်းထားတာ၊ အခုထိတော့ သူတို့ဘက်က ဌာနကို ဘာမှရှင်းလင်း တင်ပြတာမျိုးတွေ မရှိသေးဘူး။ ဒီအစီအစဉ်က လောင်းကစား တခုလို ဖြစ်နေလို့ ပိတ်ခိုင်းတာပါ”ဟု ဧရာဝတီကို ပြောသည်။

အူရီဒူးမြန်မာက “ခုဖြေခုထော” အစီအစဉ်နှင့် ပတ်သက်ပြီး ဆက်သွယ်ရေး ညွန်ကြားမှု ဦးစီးဌာနသို့ တင်ပြခြင်း မရှိသည့် အပြင် သုံးစွဲသူပြည်သူများအကြား ငွေကြေးဖြတ်တောက်မှု များနေသည့်အတွက် ဝေဖန်မှုလည်း များပြား လာသော ကြောင့် ဆက်သွယ်ရေး ညွန်ကြားမှု ဦးစီးဌာနက ထိုအစီအစဉ်အား ရပ်ဆိုင်းထားရန် ညွန်ကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းညွန်ကြားချက်နှင့် ပတ်သက်ပြီး အူရီဒူးမြန်မာ ဆက်သွယ်ရေး ကုမ္ပဏီက ထိုအစီအစဉ်အား ရပ်ဆိုင်းရန် သို့မဟုတ် ရပ်ဆိုင်းခြင်းမပြုရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေကြောင်းနှင့် မကြာမီ သတင်းထုတ်ပြန် အသိပေးသွားမည် ဖြစ်ကြောင်း လည်း အူရီဒူးမြန်မာ၏ သတင်းထုတ်ပြန်ရေး ဌာနမှ တာဝန်ရှိသူက ဧရာဝတီကို ပြောကြားထားသည်။

“ခုဖြေခုထော” အစီအစဉ်သည် ဉာဏ်စမ်းမေးခွန်များ ဖြေဆိုရန်အတွက် ပထမဦးစွာ အူရီဒူးက SMS မက်ဆေ့ဖြင့် မေးခွန်း ၁ ခုတွင် အဖြေ ၂ ခုဖြင့် ပေးပို့ပြီး ဖြေဆိုသူက အဖြေ ၁ ခုအား မှား၊ မှန် ရွေးချယ်ပေးကာ SMS မက်ဆေ့ဖြင့် ပြန်လည် ပေးပို့ ဖြေကြားသည့် အစီအစဉ် ဖြစ်သည်။

ဥပမာ “မြန်မာပြည်၏ အသေးဆုံး တိုင်းဒေသကြီးမှာ ၁။ ရန်ကုန်၊ ၂၊ မန္တလေး စသည့် မေးခွန်းများမှ အဖြေ ၁ သို့မဟုတ်  ၂ ကို အဖြေမှန် ရွေးချယ်ပြီး ပြန်လည်ပေးပို့ရခြင်း ဖြစ်သည်။

အူရီဒူးမြန်မာ၏ “ခုဖြေခုထော” အစီအစဉ်တွင် ပါဝင်ဖြေဆိုရင်း ငွေကျပ် ၁ သောင်းနီးပါး ကုန်ဆုံးခဲ့ရသည့် ကိုမင်းမင်းက “လူတွေကို ဗဟုသုတနည်းတယ်လို့ လှည့်စားပြီး ပိုက်ဆံတွေ ဖြတ်ယူတဲ့ သဘောပါပဲ။ ဒါတွေကို တာဝန်ရှိတဲ့သူတွေက စနစ်တကျ စစ်ဆေးပြီး အရေးယူသင့်တယ်”ဟု ပြောသည်။

ထိုအစီအစဉ်နှင့် ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးချစ်ဝေ ကမူ “သူတို့ (အူရီဒူး)က ဒါကိုလုပ်ပါလို့ ပြောနေတာ မဟုတ်ဘဲ ပြည်သူက သူ့ဟာသူ ကံစမ်းတဲ့အတွက် အရေးယူဖို့ ခက်တယ်။ အခုတော့ ဥပဒေတွေနဲ့ ငြိမငြိ စစ်ဆေးနေတယ်”ဟု ဧရာဝတီကို ပြောသည်။

အူရီဒူးမြန်မာက မေးမြန်းသည့် ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုသူက မက်ဆေ့တစောင်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် ပေးပို့ ဖြေဆိုရကာ ဖြေဆိုသူဘက်က စိတ်ဝင်စားပြီး အဆက်မပြတ် ပြန်လည်ဖြေဆိုခြင်းဖြင့် ငွေကြေး ကုန်ကျမှုများခြင်း ဖြစ် သည်။

အူရီဒူးမြန်မာ၏ “ခုဖြေခုထော” အစီအစဉ်ကို ဇူလိုင်လ ၁၈ ရက်မှ အောက်တိုဘာလ ၁၅ ရက် အထိ ဖြေဆိုခွင့်ပေးထားပြီး အမြင့်ဆုံးဆုအဖြစ် ငွေသား ကျပ်သိန်း ၃၀၀၊ နေ့စဉ်ဆုငွေ ငွေသား ကျပ်သိန်း ၃၀၊ အပတ်စဉ်ဆုကြေးအဖြစ်  iPhone 6S, Samsung S7 Edge, Samsung Note5, Samsung Tab S2,Samsung Tab A,iPad Air 2 စသည်တို့ကို ပေးအပ်မည်ဟု အူရီဒူးမြန်မာက ထုတ်ပြန်ကြေညာထားသည်။

Loading