လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်ပရှိ အဖွဲ့အစည်းများက အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ လေ့လာရေး ခရီးစဉ်များအတွက် ဆက်သွယ်ဆောင်ရွက်လိုပါက လွှတ်တော် ဥက္ကဌထံသို့ မပျက်မကွက် တင်ပြအတည်ပြုချက် ရယူရရန် ပန်ကြားချက်သည် ကိုယ်စားလှယ်များ၏ ပြောရေးဆိုခွင့်ကို ကန့်သတ်မှုပင်ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ဝေဖန်လိုက်သည်။
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် INGO၊ NGOနှင့် CSO များစသည့် ပြည်တွွင်း/ပြည်ပရှိ အဖွဲ့အစည်းများက အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ လေ့လာရေးများ တက်ရောက်ရန် ဖိတ်ကြားလာပါက ပြည်သူ့လွှတ်တော်ဥက္ကဌထံ မပျက်မကွက် တင်ပြ၍ အတည်ပြုချက် ရယူရမည်ဟု ပန်ကြားချက်ကို ပြည်ထောင်စု လွှတ်တော်ရုံး ဒု-ညွှန်ချုပ် နန့်အေးအေးကြည်က ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထိုသို့တက်ရောက်ရန် ဖိတ်ကြားခံရသည့် ကိုယ်စားလှယ်များ၊ ကော်မတီများ အနေဖြင့်လည်း မိမိတို့ထံ တဦးချင်းဖြစ်စေ၊ ကော်မတီခေါင်းစဉ်နှင့် ဖြစ်စေ ဖိတ်ကြားလာပါက ဖိတ်ကြားသည့် အဖွဲ့အစည်းအား ပြည်သူ့လွှတ်တော် ဥက္ကဌထံ လိပ်မူ၍ ဖိတ်ကြားပေးစေလိုကြောင်း ပြန်လည်ပြောကြားရန်ဟူ၍ ပန်ကြားချက်တွင် ဖော်ပြခဲ့သည်။
“လွှတ်တော်က ဗဟိုချုပ်ကိုင်မှု များပြီးတော့ တင်းကျပ်တဲ့သဘောမျိုး တွေ့လာရတယ်။ ဒီထုတ်ပြန်ချက်ကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူလူထုကြားမှာ ကွာဟမှုတွေ ဖြစ်လာနိုင်တယ်”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဧရာဝတီသို့ ပြောသည်။
ယခင် ဦးသိန်းစိန် အစိုးရလက်ထက် လွှတ်တော်သက်တမ်းတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ INGO၊ NGO များနှင့် နိုင်ငံတကာ သံတမန်များနှင့် ဆက် သွယ်ရာတွင် မည်သည့်ကန့်သတ်ချက်မှ မရှိလဲ လွတ်လပ်စွာ ဆက်သွယ်နိုင်သည့်အပြင် အပြန်အလှန် ငြင်းခုန် ဆွေးနွေးမှုများဖြင့် အကျိုးရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။
“လွှတ်တော်ထဲမှာ တခြားပါတီတွေလည်း ရှိတယ်။ ကိုယ်စားလှယ်အားလုံးကိုတော့ မလုပ်သင့်ဘူး။ စာထုတ်ချင်ရင် ကိုယ့်ပါတီကိုပဲ ထုတ်ပေါ့။ အခုက လွှတ်တော်ရဲ့ နောက်ကြောင်း ပြန်လှည့်တဲ့ကိစ္စ ဖြစ်နေတယ်”ဟု ဦးရဲထွန်းက ပြောသည်။
ပြည်သူ့လွှတ်တော် ဥက္ကဌ၏ ယခုဆုံးဖြတ်ချက်ကို နားမလည်နိုင်ဘဲ ယခု ထုတ်ပြန်ချက်မှာ ပန်ကြားချက်ဆိုသော်လည်း မဖြစ်မနေ လိုက်နာရန် သတိပေးထားကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
“အခုလို ဘာကြောင့် ထုတ်ပြန်တာလဲဆိုတာ အကျိုးအကြောင်း ရှင်းပြသင့်တယ်။ INGO၊ NGO တွေက ရန်သူ မဟုတ်ဘူး။ မိတ်ဆွေတွေပါ”ဟု ဦးဖေသန်းက ပြောသည်။
ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးကမူ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြောမှားဆိုမှာ ရှိမည်ကို စိုးရိမ်၍ ယခုကဲ့သို့ ပန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်ပြီး လွှတ်တော် နည်းဥပေဒများနှင့် ငြိစွန်းမည်ကို စိုးရိမ်၍ ကြိုတင်ကာကွယ်ပေသည့် သဘောသာဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်ကတော့ အကောင်းမြင်ပါတယ်။ ဒါပေမယ့် ဆိုတဲ့ဘက်က ကြည့်ရင်လည်း အဆိုးမြင်လို့ရတယ်။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာမျိုးကလည်း လွတ်လွတ်လပ်လပ် နေချင်ကြတာကိုး။ အခုကလည်း နိုင်ငံတော်အဆင့်ပွဲတွေကိုပဲ ခွင့်ပြုချက်တောင်းဖို့ လိုတဲ့ သဘောပါ”ဟု ဒေါက်တာ လှမိုးက ပြောသည်။
လက်ရှိ ထုတ်ပြန်ချက်မှာ အာဏာရပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ကူးစိတ်သန်းပင် ဖြစ်ကြောင်း၊ ပထမလွှတ်တော် သက်တမ်း ကာလကလည်း အစည်းအဝေးများ၊ ပွဲများရှိသဖြင့် NLD ပါတီအမတ်များကို ဆက်သွယ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ ခွင့်ပြုချက် မရသဖြင့် မတက်ရောက်ဖြစ်ခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။
“အခုဟာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ Idea ပဲ။ အဲဒီကတည်းက သူ့အမတ်တွေကို ချုပ်ကိုင်ထားတယ်။ ဘယ်သူသွားရမယ်၊ မသွားရဘူးဆိုတာ သူပဲ ဆုံးဖြတ်တာ”ဟု ဦးရဲထွန်းက ပြောသည်။