၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံးမှန်းခြေ ငွေစာရင်း(ပြင်ဆင်ချက်)အရ ပညာရေး အသုံး စရိတ်ကို ကျပ် ၇.၅ ဘီလီယံအထိ တိုးမြင့်သုံးစွဲမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့သည်။
ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ကောက်ခံ ရရှိသော ကုန်သွယ်လုပ်ငန်းခွန် ခေါင်းစဉ်အောက်မှ တယ်လီဖုန်း ပြောဆိုခ ၅ ရာခိုင်နှုန်း အခွန်ငွေ ကျပ် ၇.၅ ဘီလီယံကို ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိစေမည့် ပညာရေးကဏ္ဍတွင် အသုံးပြုနိုင်ရန် ပညာရေးဝန်ကြီးဌာနတွင် သုံးစွဲမည် ဖြစ်ကြောင်း သိရသည်။
“တယ်လီဖုန်း ပြောဆိုခ အခွန်ငွေ ၅ ရာခိုင်နှုန်းကို ပြည်သူလူထု တိုက်ရိုက် အကျိုးရှိမယ့် ကဏ္ဍတွေမှာ သုံးစွာမှာဖြစ်လို့ အခု ပထမဆုံး ပညာရေးအတွက် စတင် သုံးစွဲခြင်း ဖြစ်ပါတယ်”ဟု ဝန်ကြီးက လွှတ်တော်တွင် ရှင်းပြသည်။
နှစ်စဉ် ရသုံးမှန်းခြေ ငွေစာရင်းကို မတ်လရောက်မှသာ လွှတ်တော်သို့ တင်ပြလေ့ရှိသော်လည်း ၂၀၁၆ ခုနှစ် မတ်လတွင် အာဏာလွဲပြောင်းမှု ရှိနိုင်သဖြင့် ဦးသိန်းစိန် အစိုးရက ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြု ပြဌာန်းခဲ့သော်လည်း သမ္မတ ဦးထင်ကျော်က ၂၀၁၆ ခုနှစ် မတ် လတွင် ပြည်ထောင်စု ဝန်ကြီးဌာနများကို ပြင်ဆင် ဖွဲ့စည်းခဲ့သဖြင့် ပြည်ထောင်စု၏ ရသုံးမှန်းခြေ ငွေစာရင်းအား ပြင်ဆင်နိုင်ရန် ဆောင်ရွက်ခဲ့ရကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက လွှတ်တော်တွင် ပြောကြားသည်။
ပြင်ဆင်ရာတွင် ဆောင်ရွက်ခဲ့သည့် အချက်တချို့မှာ မူလအတိုင်း ထားရှိသော ဝန်ကြီးဌာနများတွင် လျော့နည်းသွားမည့် ဒုတိယ ဝန်ကြီးများ၏ လစာ၊ စရိတ်၊ ချီးမြှင့်ငွေများကို လျှော့ချ၍ ပြင်ဆင်ရေးဆွဲခြင်း၊ ဝန်ကြီး၊ ဒုဝန်ကြီးများ၏ လစာ၊ စရိတ်၊ ချီးမြှင့်ငွေ၊ အဆောင်အယောင် စရိတ်များကို ဦးစွာ လျှော့ချရေးဆွဲပြီး ဝန်ကြီးရုံးများ၏ သာမာန်အသုံးစရိတ်ကို ၂ ရာခိုင်နှုန်း လျှော့ချရေးဆွဲခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် လျှော့ချလိုက်သော ဝန်ကြီးဌာနများမှ ဦးစီးဌာနများ၊ လုပ်ငန်းအဖွဲ့အစည်းများအား ပေါင်းစည်းလိုက်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနအောက်တွင် ၎င်းဌာနများ အမည်ဖြင့် ပြောင်းလဲရေးဆွဲခြင်း၊ အသစ်ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့တွင် ဖွဲ့စည်းပုံနှင့်အညီ အသုံးစရိတ်များကို သတ်မှတ်ထားသည့် ငွေစာရင်း ခေါင်းစဉ်များအလိုက် ရေးဆွဲခြင်းတို့ ပါဝင်သည်ဟု သိရသည်။
ငွေလုံးငွေရင်း အသုံးစရိတ်နှင့် စပ်လျဉ်း၍ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ သုံးဆိုင်ရာ ဥပဒေအတိုင်း မပြောင်းလဲဘဲ ရေးဆွဲခြင်း၊ ကြွေးမြီစာရင်းများကို ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေအတိုင်း ရေးဆွဲခြင်း၊ နိုင်ငံခြားငွေဖြင့် ရငွေ၊ သုံးငွေ လျာထားချက်များကို ယခင် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ သတ်မှတ်ညွှန်ကြားချက်အတိုင်း နိုင်ငံခြား ငွေလဲနှုန်းအတိုင်း တွက်ချက်၍ ရေးဆွဲခြင်းတို့ ဖြစ်သည်ဟု စီမံ/ဘဏ္ဍာ ဝန်ကြီးဌာန၏ လွှတ်တော်သို့ တင်ပြချက်အရ သိရှိရသည်။
သာမန် အသုံးစရိတ်ငွေတွင် ယခင်အစိုးရ သတ်မှတ်ထားသည့်ငွေမှာ ကျပ် ဘီလီယံ ၁၆,၉၇၅.၉၈၈ ဖြစ်ရာ ပြင်ဆင်လိုက်သည့်ငွေမှာ ၁၆,၉၇၈.၉၉၁ ဖြစ်သဖြင့် ကျပ် ၃.၀၀၃ ဘီလီယံ ပိုလာခဲ့သည်။
ထိုအထဲတွင် သာမန် အသုံးစရိတ်မှာ ကျပ် ဘီလီယံ ၁၅,၃၁၈.၃၇၇ ဖြစ်ရာ ကျပ်ဘီလီယံ ၁၅,၃၁၉.၉၅၉ ဟု ပြင်ဆင်လိုက်သဖြင့် ကျပ် ဝ.၉၈၇ ဘီလီယံ ပိုလာကြောင်း သိရှိရသည်။
ငွေလုံးငွေရင်း အသုံးစရိတ်မှာ မူလက ကျပ် ဘီလီယံ ၁၉၄.၉၄၃ ဖြစ်သော်လည်း ကျပ်ဘီလီယံ ၁၉၆.၉၅၉ ဟု ပြင်ဆင်လိုက်သဖြင့် ကျပ် ၂.၀၁၆ ဘီလီယံ ပိုလာကြောင်း သိရှိရသည်။
ကြွေးမြီမှာ ကျပ်ဘီလီယံ ၁,၄၆၂.၆၈၈ ဖြစ်ပြီး အပြောင်းအလဲ မရှိပါ။
“ရငွေပိုင်းမှာ သာမာန်ရငွေ ဝ.၉၈၇ ဘီလျံနဲ့ ငွေလုံးငွေရင်း ရငွေ ကျပ် ၂.၀၁၆ ဘီလျံ ဖြစ်လို့ စုစုပေါင်း ၃.၀၀၃ ဘီလျံ ပိုလာပါတယ်”ဟု စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
သာမန်ရငွေပိုင်း ပိုမိုလာရခြင်းမှာ စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အခွန်ရငွေ ကျပ် ဝ.၇၆၂ ဘီလီယံနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ အခွန်ရငွေ ကျပ် ဝ.၂၂၅ ဘီလီယံ ပိုမိုလျာရခြင်းကြောင့် ဖြစ်ပြီး ငွေလုံးငွေရင်း အပိုင်းတွင် ပိုမိုလာရခြင်းမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် JICA မှ ပြည်ပ အကူအညီငွေ ရရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
“အသုံးစရိတ်ပိုင်းမှာလည်း သာမာန်အသုံးစရိတ် ကျပ် ၂.၄၄၁ ဘီလျံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ဝ.၅၆၂ ဘီလျံ ဖြစ်လို့ စုစုပေါင်း ၃.၀၀၃ ဘီလျံ ပိုမိုလျာထားပါတယ်”ဟု စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
ထိုကဲ့သို့ ပိုမိုလျာထားရခြင်းမှာ ပြည်ထောင်စု ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်းကြောင့် အသုံးစရိတ်များ လျော့နည်းသွားသော်လည်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတို့အတွက် အသုံးစရိတ် ခွဲဝေရခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။
ထို့ပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ခြံစည်းရိုး ကာရံခြင်း အသုံးစရိတ်များကို ပြင်ဆင်ခြင်း မပြုဘဲ မူလအတိုင်း ဆက်လက် ထားရှိကြောင်း သိရသည်။
“ရငွေ တိုးမြင့်တဲ့ငွေက ကျပ် ၃.၀၀၃ ဘီလျံ ဖြစ်ပြီး အသုံးစရိတ် တိုးမြင့်တဲ့ ငွေကလည်း ကျပ် ၃.၀၀၃ ဘီလျံဖြစ်လို့ လိုငွေ ပမာဏက မူလ ဥပဒေပါအတိုင်း ပြောင်းလဲမှု မရှိပါကြောင်းနဲ့ လိုငွေနဲ့ ဂျီဒီပီ အချိုးကလည်း မူလအတိုင်း ၄.၄၇ ရာခိုင်နှုန်းသာ ဖြစ်ပါတယ်”ဟု ဦးကျော်ဝင်းက ပြောသည်။
ပြည်ပ ချေးငွေနှင့် ပြည်ပ အကူအညီ ရရှိမှုတွင်လည်း ပြည်ပ ချေးငွေဖြင့် သုံးမည့်ငွေမှာ ကျပ် ဘီလီယံ ၁,၄၀၉.၁၅၀ ဖြစ်ပြီး ပြည်ပ အကူအညီရငွေဖြင့် သုံးမည့်ငွေမှာ ကျပ် ဘီလီယံ ၃၃၈.၇၃၅ ဖြစ်သဖြင့် စုစုပေါင်း ကျပ် ဘီလီယံ ၁,၇၄၇.၈၈၅ ဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ်များ လိုငွေအတွက် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့သောငွေကျပ် ၁,၆၈၈,၂၁၀ သန်းမှာလည်း အပြောင်းအလဲ မရှိဘဲ မူလအတိုင်း ထောက်ပံ့သွားမည်ဟု သိရသည်။