သတင်း

ရှမ်းပြည်နယ် အစိုးရက တားမြစ်သော်လည်း လူငယ်ညီလာခံ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ကျောက်တိုင်ကွင်း၌ ၅ ရက်တာ ကျင်းပပြုလုပ်ရန် စီစဉ်ထား သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဆက်လက် မလုပ်ဆောင်ဘဲ ဆိုင်းငံ့ထားရန် စာပို့ထားသော်လည်း ညီလာခံကို ဆက်လက်လုပ်ဆောင်မည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံ ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီ၊ ပြောရေး ဆိုခွင့် ရှိသူ ကိုမင်းနှောင်ထော က “ကျနော်တို့က ဆက်လုပ်မယ်ဆိုတဲ့ သဘော ရည်ရွယ်ထားတယ်။ ရှမ်းပြည်နယ် အစိုးရ ကိုလည်း ကျနော်တို့နဲ့ ပူးပေါင်းပေးဖို့ တောင်းဆိုထားပါတယ်။ အတတ်နိုင်ဆုံးတော့ ကျနော်တို့က စမှ ရပါမယ်” ဟု ဧရာဝတီကို ပြောသည်။

ညီလာခံကို ဇူလိုင်လ ၂၇ ရက်မှ ၃၁ ရက်ထိ ကျင်းပရန် စီစဉ်ထားရာ နေရာထိုင်ခင်းများ၊ ညီလာခံ ကျင်းပမည့် ယာယီအဆောက်အအုံများ ဆောက်လုပ်ထားပြီး ဖြစ်ကြောင်း၊ ညီလာခံတွင် ပါဝင်မည့် အနယ်နယ်အရပ်ရပ်မှ လူငယ် ၇၀၀ ကျော် နှင့် ဖိတ်ကြားထားသည့် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော် အမတ်များ ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တချို့လည်း ပင်လုံမြို့သို့ ရောက်နေပြီဖြစ်ကြောင်း၊ အချို့မှာလည်း လမ်းခုလတ် ရောက်နေပြီဖြစ်ရာ ညီလာခံကို ဆိုင်းငံ့ရန် မဖြစ်နိုင်ဟု ကိုမင်းနှောင်ထော က ထပ်မံပြောဆိုသည်။

ဆက်လက်ပြီး ၎င်းက “ ကျနော်တို့ကော်မတီထဲမှာ တိုင်ပင်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို ပူးပေါင်း ပါဝင်ပေးဖို့ လုပ်နေတာက ဖွဲ့စည်းပုံပါ အခန်း ၈ အရ နိုင်ငံသားတွေ ရပိုင်ခွင့် အတိုင်း လုပ်နေတာ ဖြစ်လို့ ပူးပေါင်းပါဝင်ပေးဖို့ အခုပဲ စာပို့ထားပါပြီ” ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၈ ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့် တာဝန်များပါ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့) ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများကို မဆန့်ကျင်လျှင် မိမိတို့ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ခွင့် ရေးသားဖြန့်ဝေခွင့် ရှိကြောင်း၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့် ရှိသည်ဟု ပြဋ္ဌာန်း ပါရှိသည်။

တိုင်းရင်းသားလူငယ်များ ညီလာခံ ဖြစ်မြောက်ရေးကော်မတီက ညီလာခံကျင်းပခွင့် ရရန်အတွက် သက်ဆိုင်ရာ ပင်လုံမြို့နယ် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ပင်လုံမြို့နယ်ခွဲ စည်ပင်သာယာရေးဌာန နှင့် ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော် ဂေါပက အဖွဲ့တို့ထံမှ ခွင့်ပြုကြောင်း ထောက်ခံချက်များ ရရှိ ထားပြီး ဖြစ်သည်ဟု သိရသည်။

ကော်မတီအနေဖြင့် ဇူလိုင်လ ၁၄ ရက်တွင် ပင်လုံမြို့၊ ကျောက်တိုင်ကွင်းကို အသုံးပြုခွင့် ၊ ညီလာခံ ကျင်းပခွင့်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့အား တင်ပြ ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ကိုယ်စား ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးအောင်သန်းမောင်က ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ဆိုင်းငံ့ထားရန် စာပို့လာသဖြင့် တိုင်းရင်းသားလူမျိုးများ ညီလာခံ ပြုလုပ်ခွင့်နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်အား တွေ့ဆုံရန် ကိစ္စတို့ကို ဆိုင်းငံ့ထားပါကြောင်း စာပို့လာကြောင်း သိရသည်။

အဆိုပါ အကြောင်းကြားစာထဲတွင် ညီလာခံ ကို မည်သည့်အတွက်ကြောင့် ဆိုင်းငံ့ထားရန် ပြောဆိုမှန်း မပါရှိကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း “ရင့်ကျက်မှုကို ပြသပါ။ တည်ငြိမ်မှုကို ပြသပါ။ သတ္တိရှိမှု၊ ဇွဲရှိမှု နဲ့ ဥပဒေကို တတ်မြောက်နားလည်မှု ရှိကြောင်း ပြသပါ။ လုပ်ရပ်အရရော ၊ ဥပဒေ အရရော ၊ စည်းမျဉ်းစည်းကမ်း အရရော လူငယ်တွေဖက်က မှန်နေပါတယ်” ဟု ပြောသည်။

အစိုးရ၏ တားမြစ်ချက်မှာ အမျှော်အမြင်နည်းပါးပြီး ထိတ်လန့်နေသည့် ပုံဖြစ်နေကြောင်း၊ လက်ရှိအစိုးရမှာ ပြည်သူများအပေါ်တွင် ကြီးကြီးကျယ်ကျယ် မှားယွင်းထားသည့် ကိစ္စရပ်များ မရှိသဖြင့် တိုင်းရင်းသားလူငယ်များ စုဝေးမှုကို ကြောက်လန့်စရာ မလိုဟုလည်း ဦးစိုင်းညွန့်လွင်က ဆိုသည်။

ကချင်ပြည်နယ်မှ လေ့လာသူအဖြစ် တတ်ရောက်မည့် ရှေ့နေဦးဂဲနက်ကလည်း “ ဝန်ကြီးချုပ်ဆီက စာထွက် လာပေမယ့် အားလုံးက စိတ်ပျက်မသွားဘူး။ တတ်ညီလက်ညီနဲ့ ဆက်လုပ်ကြမယ်လို့ သိရပါတယ်” ဟု ပြောပြသည်။

အဆိုပါ ညီလာခံကို ဇူလိုင်လ ၂၇ ရက်တွင် စတင်ပြုလုပ်ကြမည် ဖြစ်ပြီး ညီလာခံအတွင်း အနယ်နယ် အရပ်ရပ်မှ လူမျိုးများကို အခြေခံ၍ စာတမ်းများ ဖတ်ကြားသွားမည် ဖြစ်သည်။

အဆိုပါ စာတမ်းများတွင် ဒေသအသီးသီးမှ လူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများ၊ ကိစ္စရပ်များ ပါရှိမည် ဖြစ်ပြီး ညီလာခံ နောက်ဆုံးရက်တွင် ဖတ်ကြားသွားသည့် စာတမ်းများပါ ကိစ္စရပ်များကို တိုင်းရင်းသား လူငယ်များအားလုံး ပူးပေါင်းဖြေရှင်းနိုင်ရန် နည်းလမ်းများ ရှာဖွေသွားကြမည်ဟု သိရသည်။

Loading