တပ်မတော်ဂုဏ်သိက္ခာ ညိုနွမ်းကျဆင်းစေသည်ဆိုသော စွပ်စွဲချက်များဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ခေါင်းဆောင်တဦးအား ဇူလိုင် ၂၅ ရက်က ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း သိရသည်။
ဖမ်းဆီးတရားစွဲဆိုခံရသူသည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ စည်းရုံးရေးနှင့် ပြန်ကြာရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းဖြစ်ပြီး တရားရုံး၏ ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခဲ့ပြီးနောက် စစ်တွေထောင်တွင် ချုပ်နှောင်ထားသည်ဟု စစ်တွေခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဝင်းနောင်က ပြောသည်။
“ဒီအမှုကို ကျနော်တို့ တရားစွဲတာ မဟုတ်ဘူး။ တရားရုံးက ဖမ်းဝရမ်းထုတ်ပြီး ဖမ်းခိုင်းတဲ့အတွက် ကျနော်တို့က ဖမ်းဆီးဖို့ တာဝန်ရှိတယ်။ သူ့ကို မနေ့က ၂ နာရီကျော်လောက်မှာ ဖမ်းဆီးပြီးတော့ တရားရုံးကို ပို့လိုက်ပါတယ်” ဒုရဲမှူးကြီး ဝင်းနောင်က ဆိုသည်။
ရက္ခိုင့်တပ်မတော် (AA)နှင့် အစိုးရတပ်မတော်အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီ ပြန်ကြားရေးဌာနက ပြီးခဲ့သည့် ဧပြီလ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ရာတွင် ရခိုင်ဒေသခံများကို တပ်မတော်မှ ပေါ်တာဆွဲခြင်း ၊ ညဉ်းပန်းနှိပ်စက်ခြင်း၊ ကျေးရွာသားများ မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်သည်ဟု ထည့်သွင်းရေးသားခဲ့သည့်အတွက် ALP ပါတီ စည်း/ ပြန် ဒုတာဝန်ခံ ခိုင်မျိုးထွန်း ဖမ်းဆီးတရားစွဲခံခြင်း ဖြစ်သည်။
ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဒုတာဝန်ခံ ခိုင်မျိုးထွန်းနှင့် ကျောက်တော် ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးခိုင်ရဲလင်းတို့ကို ဧပြီလ ၂၇ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်နယ် အစိုးရရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့ပြီး ထိုထုတ်ပြန်ချက်များတွင် ပါဝင်သော အချက်အလက်များကို အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တင်ပြရန်၊ အချက်အလက် ခိုင်လုံမှုမရှိပါက ဖမ်းဆီးအရေးယူမည်ဟု သတိပေးခဲ့သည်ဟု သိရှိရသည်။
ALP ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်သည် ပြည်သူလူထုက တပ်မတော်အပေါ် ထင်ယောင်ထင်မှား ဖြစ်စေခြင်း ၊ တပ်မတော်၏ ဂုဏ်သိက္ခာ ညိုးနွမ်းကျဆင်းစေခြင်း၊ မမှန်မကန် သတင်းအချက်အလက်များကို အသုံးပြု၍ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်အောင် ကြံရွယ်လုပ်ဆောင်သည်ဟုဆိုကာ ALP စည်း/ပြန် ဒုတာဝန်ခံ ခိုင်မျိုးထွန်းအား ဥပဒေအရ အရေးယူပေးပါရန် ဒကစ (စစ်တွေ) မှ စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တင့်နိုင်ထွန်းက တရားလိုလုပ်၍ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
စစ်တွေမြို့မ ရဲစခန်းက ထိုဖြစ်စဉ်အပေါ် နောက်ဆက်တွဲ (က)(ခ ) ပုံစံတို့ဖြင့် စစ်တွေမြို့နယ် တရားရုံးသို့
ဦးတိုက်လျှောက်ရာ တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုအမှုနှင့် ပတ်သက်၍ ဒုတာဝန်ခံ ခိုင်မျိုးထွန်းကို တရားရုံးက အမှုရင်ဆိုင်ဖြေရှင်းရန် အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း တရားရုံးသို့ လာရောက်ဖြေရှင်းရန် ပျက်ကွက်ခဲ့သဖြင့် ဖမ်းဝရမ်းထုတ်ပြန် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။