ကချင်ပြည်နယ်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတခုဖြစ်သည့် မိုင်ဂျာယန်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် စတင် ကျင်းပလျက်ရှိပြီး အစိုးရနှင့် အပစ်မရပ်ရသေးသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်ရပ်ထားသော အဖွဲ့များ စုစုပေါင်း ၁၇ ဖွဲ့ တက်ရောက်ကြောင်း သိရှိရသည်။
အစိုးရသစ်က နိုင်ငံရေးပြဿနာများကို ဆွေးနွေးအဖြေရှာနိုင်မည့် အခင်းအကျင်းအား ဖော်ဆောင်နိုင်ရန်အတွက် ၂၁ ရာစု ပင်လုံညီလာခံကို ပြုလုပ်သွားရန်စီစဉ်လျက်ရှိပြီး တိုင်းရင်းသားများဘက်မှလည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပုံဖော် သွားနိုင်မည့် ဘုံသဘောထားများကို သဘောတူ ချက်မှတ်သွားနိုင်ရန် အရေးကြီးကြောင်း အစည်းအဝေး ပထမနေ့တွင် KIO ဒုဥက္ကဌကြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ အင်ဘန်လက ပြောသည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လ က “ဒီနေ့မျက်နှာစုံညီအစည်းအဝေးကြီးမှ အားလုံး လက်ခံ သဘောတူညီနိုင်မယ့် ဘုံသဘော ထား ရပ်တည်ချက်များ သဘောတူချမှတ်သွားနိုင်မယ်လို့လည်း ယုံကြည့်ပါတယ်။ သဘော တူညီချက်များကို ဘယ်လိုလက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်သွားကြမှာလဲ ဆိုတဲ့ အချက်ကိုလည်း အားလုံးဝိုင်းဝန်း အကြံပြုဆွေးနွေးသွားစေလိုပါတယ်” ဟု ပြောသည်။
တိုင်းရင်းသားအားလုံး မျှော်မှန်းထားကြတဲ့ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်ထွန်းကားလာရေးအတွက် တိုင်းရင်း သားများ အကြား စုစည်းညီညွှတ်မှု အရေးကြီးသကဲ့သို့ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး သည်လည်း အရေးပါကြောင်း ဆွေးနွေးပွဲတွင် အပစ်ရပ်၊ အပစ်မရပ် ကန့် သတ်ချက်များမရှိသင့်ကြောင်းနှင့် ယုံကြည်မှုနှင့် စုစည်း ညီညွှတ်မှု ကို ထိခိုက်စေမည့် အကြောင်းအရာများကို ရှောင်ကြရန် သူက တိုက်တွန်းထားသည်။
မိုင်ဂျာယန်အစည်းအဝေးသည်၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းခြင်းပြီး၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဆိုင်ရာ နိုင်ငံရေး ဘုံသဘောထား ရပ်တည်ချက် ရယူရေးတို့ အတွက်ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဌ ခူဦးရယ် က ပြောဆိုသည်။
အဆိုပါအချက်များ အောင်မြင်စေရန်အတွက် ပင်လုံလက်စွဲစာတမ်း ဆွေးနွေး အတည်ပြုခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများ အတွက် အခြေခံမူများ၊ လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ အခြေခံမူများနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် ပြင်ဆင်ရေး တို့ကို အစည်းအဝေးတွင် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း ခူဦးရယ်က ဆိုသည်။
မိုင်ဂျာယန် အစည်းအဝေးကို လက်နက်ကိုင် ၁၇ ဖွဲ့အပြင်း တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့်ဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) နှင့် အမျိုးသမီး အဖွဲ့ အစည်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော အမျီုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) နှင့် ငြိမ်းဖောင်ဒေးရှင်း၊ ပြည်ထောင်စု အင်စတီကျု့ (PI)၊ တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) တို့လည်း တက်ရောက်ကြသည်။
ထို့ပြင် အထူးဖိတ်ကြားထားသည့် ကိုယ်စားလှယ်များအဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambian နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေးဌာန၏ အာရှရေးရာ အထူးသံတမန် Mr. Sun Guoxiang တို့တက်ရောက်လျက်ရှိသည်။
မိုင်ဂျာယန်တွင် ပြုလုပ်သည့် အစည်းအဝေးသည် ယခင်အစည်းအဝေးများထက်ပိုမိုအရေးကြီးပြီး အစည်းအဝေး၏ ရည်ရွယ် ချက်များ အောင်မြင်မည်ဟု မျှော်လင့်ကြောင်း၊ အနာဂါတ်တွင် ခိုင်မာသည့် တိုင်းပြည်တခု တည်ဆောက်နိုင်ရန်အတွက် ကုလသမဂ္ဂ အနေဖြင့် တိုင်းရင်းသား အဖွဲ့အစည်းတွေရော အစိုးရနှင့်ပါ အတူတကွ လက်တွဲပြီး ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း Mr. Vijay Nambian က ပြောသည်။
Mr. Vijay Nambian က “ခေါင်းဆောင်ကြီးများဆွေးနွေးမယ့်ဟာတွေကိုလည်း အများကြီးလေ့လာဖို့အတွက် ရည်ရွယ်ထား ပါတယ်။ ကြားရတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့ဘက်ကနေပြီးတော့ ဘယ်လိုမျိုးနေရာတွေ၊ ဘယ်လိုမျိုး ကဏ္ဍတွေမှာ ဘယ်လောက်ထိကူညီသွားနိုင်မလဲဆိုတာကိုလည်း စဉ်းစားပေးဖို့အတွက် အဆင်သင့် ဖြစ်ပါတယ်” ဟု ပြောသည်။
အိမ်နီးချင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အမြဲတမ်း ဂရုစိုက်နေကြောင်း၊ မြန်မာနိုင်ငံအား အကူအညီပေးသည့်အထဲတွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက်လည်း ပါဝင်ပြီး ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အတွက် UN မှတဆင့် အမေရိကန်ဒေါ်လာ ၃ သန်းကို လှူပေးခဲ့ကြောင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြား ရေးဌာန၏ အာရှရေးရာ အထူးသံတမန် Mr. Sun Guoxiang က ပြောသည်။
Mr. Sun Guoxiang က “ဒီအစည်းအဝေးမှာ ကြွရောက်လာကြတဲ့ အကြီးအကဲတို့က ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီးတော့ သဘော တူ ညီချက် ပိုပြီးတော့ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါဟာလည်း မြန်မာနိုင်ငံ ကောင်းမွန်တဲ့ အလားအလာ အတွက် အကျိုးရှိပါတယ်လို့ ကျနော်ယူဆပါတယ်” ဟု အဖွင့် နှုတ်ဆက်စကားတွင် ထည့်သွင်းပြောဆိုသွားသည်။
မိုင်ဂျာယန်တွင်ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့ကို ဖိတ်ကြားထားသော်လည်း နိုင်ငံအတွင်း အင်အား အတောင့်တင်းဆုံး ဖြစ်သည့် ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) အပါအဝင် အစိုးရတပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တွင် အခြေစိုက်သည့် နာဂ အဖွဲ့တို့ တက်ရောက်ခြင်းမရှိပေ။
ယခုမိုင်ဂျာယန်တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးသည် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များအကြားစုဝေး ပြုလုပ်သည့် ၅ ကြိမ်မြောက်ဖြစ်ပြီး ယခင်က ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းတွင် ၂ ကြိမ်နှင့် KIO ထိန်းချုပ်နယ်မြေ အတွင်းတွင် ၂ ကြိမ် ပြုလုပ်ခဲ့ဖူးသည်။