ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ဒီနေ့မနက်ပိုင်းက စတင်ကျင်းပနေပြီဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ မျက်နှာစုံညီ အစည်းအဝေးကို တပ်မတော်က လက်နက်စွန့်မှ ငြိမ်းချမ်းရေးမှာ ပါဝင်ရခွင့်ရ မယ်လို့ ပြောထားတဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့အနက် ၂ဖွဲ့မှာ တက်ရောက်ခြင်း မရှိပါ။
ကချင်ပြည်နယ် လိုင်ဇာမြို့ အခြေစိုက် ရက္ခိုင့် တပ်မတော် (AA)ပဲ တက်ရောက်ပါတယ်။
မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့် အဖွဲ့ (MNDAA) နဲ့ ပလောင်(တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့မှာ တက်ရောက်ခဲ့ခြင်း မရှိပါ။
ဇူလိုင် ၂၆ ရက်ကနေ ၂၉ ရက်အထိ ကျင်းပမယ့် မိုင်ဂျာယန် တိုင်းရင်းသား လက်ကိုင်တွေရဲ့ အစည်းအဝေးမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ပြုလုပ်မယ့် ၂၁ ရာစု ပင်လုံ ညီလာခံ အတွက် တိုင်းရင်းသား တွေ ဘက်က ပြင်ဆင်တဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေး ဖို့ ညီလာခံမှာ ပါဝင်ခြင်း မရှိကြောင်း သိရပါတယ်။
အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်ကို ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်း ထားပါတယ်။
မေး။ ။ TNLA က မိုင်ဂျာယန် အစည်းအဝေးကို တက်မယ်လို့ အစက ပြောထားပေမယ့် အခု သွား မတက်ရောက်ဖြစ် တာ ဘာ့ကြောင့်ပါလဲ။
ဖြေ။ ။ ဟုတ်တယ် ကျနော်တို့ မတက်ဖြစ်ပါဘူး။ အဓိက က မြန်မာ့တပ်မတော်က ကျနော်တို့ကို လက်နက်စွန့် တယ် ဆိုတဲ့ Statement ထုတ်မှ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါလို့ရမယ်လို့ ပြောဆို ညှိနှိုင်းနေတယ်။ အဲ့ဒါက ကျနော်တို့ဆီမှာ မပြေလည်တော့ တကယ်လို့ ညီလာခံ သွားတက်လိုက်မယ် ဆိုရင် ကျနော်တို့ကြောင့် တခြား လက်နက်ကိုင် အဖွဲ့ အစည်းတွေ တခုခုဖြစ်မှာ စိုးရိမ်တယ်။
ကျနော်တို့နဲ့ မြန်မာ့တပ်မတော်ကြားမှာ ရှိတဲ့ ကိစ္စတွေကို ကျနော်တို့ ဘာသာ ထိပ်တိုက်ရှင်းသွားဖို့ လိုပါတယ်။ အဲ့ဒါက တချက်ပါ။
နောက် RCSS (ရှမ်းပြည် တပ်မတော် တောင်ပိုင်း) နဲ့ ကျနော်တို့ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တယ်။ RCSS နဲ့ တိုက်ပွဲတွေပြင်းထန်နေဆဲ ဆိုတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးမယ် ပြောပေမယ့် RCSS က တရက်ပြီး တရက် ရွှေ့နေတယ်။ အဲ့ဒီလို ကိစ္စတွေကြောင့် ကျနော်တို့ကြား အစည်းအဝေးမှာ အားလုံးကိစ္စ ဆွေးနွေချိန်မှာ ကျနော်တို့ သွားရင် မကောင်းဘူးဆိုပြီး စဉ်းစားမိလို့ပါ။ အဓိက အဲ့ဒီ ၂ ချက် စဉ်းစားမိလို့ မတက်တာပါ။
မေး။ ။ AA က တက်တယ်ဆိုတော့ ဒီလက်နက်စွန့်ရမယ်ဆိုတဲ့ မဟာမိတ် ၃ ဖွဲ့ကိစ္စကို တိုင်းရင်းသားတွေနဲ့ ပြောဆို ဆွေးနွေးစရာရှိလာရင် AA ကပဲ ဆွေးနွေးလာမှာလား။
ဖြေ။ ။ မဆိုင်ပါဘူး။ ဒီကိစ္စတွေ ပြောဖို့ မရှိပါဘူး။ AA က သူ့အခြေအနေနဲ့ သူ့အနေအထားနဲ့မို့ သူ တက်တာပါ။
မေး။ ။ ဒါဆို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ဖို့ ဘယ်လို အစီအစဉ်တွေ ရှိသလဲ ။ ဘယ်လို ဆက်လက်လုပ်ဆောင်မှာလဲ။
ဖြေ။ ။ ကျနော်တို့ကို အခုတက်လာတဲ့ NLD အစိုးရနဲ့ မြန်မာ့ တပ်မတော်တို့က ဘာမှ အထစ်အငေါ့ မရှိဘဲ အပစ်ရပ် မူဝါဒအတိုင်း တခြားတိုင်းရင်းသားအဖွဲ့တွေ အတိုင်း ကျနော်တို့ကို ပါဝင်ခွင့်ပေးမယ် ဆိုရင် တွေ့ဆုံနိုင်မယ်ဆိုရင် ကျနော်တို့က ပါဝင်ဖို့ အသင့်ပါပဲ။ အခုက မြန်မာ့တပ်မတော်က ကျနော်တို့ကို လက်နက်စွန့်ပြီးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါဝင်ရမယ် ဆိုတာကို အခိုင်အမာ ပြောနေတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြောတယ်။ ဟိုတလောက သတင်းစာရှင်းလင်းပွဲမှာလည်း ပြောတယ်။ အဲ့ဒီလို ဆက်တိုက်ပြောနေတဲ့ အပေါ်မှာ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့တွေက ဘာမှ တစုံတရာ ပြောဆိုတာ မရှိဘူး။ ဒီတော့ မြန်မာ့ တပ်မတော် သဘောထားက အစိုးရ သဘောထား နဲ့ အတူတူပဲလား ဆိုတာလည်း ကျနော်တို့က စဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။
အဲ့ဒါတွေ မရှင်းမလင်းဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့က မိုင်ဂျာယန် အစည်းအဝေး တက်မယ် ဆိုရင် ကျနော်တို့ကြား မရှင်းမလင်းတဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း သွားမတက်တာပါ။
မေး။ ။ ဒီလက်နက်စွန့်ရမယ်ဆိုတဲ့ ကိစ္စက တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မိုင်ဂျာယန် လိုမျိုး အစည်း အဝေးမှာ ဆွေးနွေးပြီး အဖြေတစုံတရာ ရဖို့ရော မမျှော်လင့်ဘူးလား။
ဖြေ။ ။ ကျနော်တို့အနေနဲ့ တိုင်းရင်းသားအချင်းချင်းအနေနဲ့တော့ UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ)ကိုလည်း ချင်းမိုင်မှာ တွေ့တုန်း က ဒီကိစ္စကို မေးထားတာတွေ ရှိပါတယ်။ အခုထက်ထိတော့ ဘာမှ ဖြေကြားတာတော့ မရှိဘူး။
အဲ့ဒါအပြင် UNFC အဖွဲ့အစည်းက ရန်ကုန်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့တော့လည်း ဒီကိစ္စကို ဘာမှ ရှင်းလင်း ပြောကြားတာလည်း ကျနော်တို့ မတွေ့ရဘူး။
ဒါ့ကြောင့် ကျနော်တို့ မြင်တာကတော့ ဒီကိစ္စက ကျနော်တို့ ကြိုးစားမှပဲ ရနိုင်မယ့်ကိစ္စလို့ ကျနော်တို့ မြင်ပါတယ်။
၂၁ ရာစု ပင်လုံညီလာခံကို အမြန်လုပ်ချင်ကြတယ်။ တိုင်းရင်းသားတွေ အားလုံးပါရမယ် ဆိုတာကလည်း တောင်းဆိုချက် တွေအရ ဆွေးနွေးတာတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း ကျနော်တို့ အခြေအနေက အများနဲ့ တိုက်ရိုက် လိုက်ပါနိုင်တဲ့ အနေအထား မရှိဘူးလေ။
မေး။ ။ ၂၁ ရာစု ပင်လုံညီလာခံမှာ မဟာမိတ် ၃ ဖွဲ့ပါဝင်ဖို့ အစိုးရနဲ့ ဒေါက်တာ တင်မျိုးဝင်းတို့ကော်မတီ နဲ့ တွေ့ဖို့ ရော စီစဉ်မှုတွေ ရှိနေပြီလား။
ဖြေ။ ။ ကျနော်တို့ ညှိနှိုင်းနေဆဲပါ။ မြန်မာ့တပ်မတော်ဘက်က ကျနော်တို့ကို လက်နက်စွန့်ဖို့ ကတိပြုနိုင်တယ်ဆိုတဲ့ ထုတ်ပြန်ချက် လုပ်ရမယ် ပြောထားတော့ အဲ့ဒါ ကျနော်တို့ မထုတ်ဘူးဆိုရင် ကျနော်ထင်တာက သူတို့ တွေ့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
ကျနော်တို့ကတော့ တွေ့ဖို့ အဆင်သင့်ရှိပါတယ်။ အစိုးရဘက်က ကျနော်တို့ကို မတွေ့တာပါ။ မြန်မာ့ တပ်မတော်က လည်း ကျနော်တို့ကို မတွေ့တာပါ။ ။