တနိုင်ငံလုံးရှိ ၂၅ ခုတင်ဆံ့ အစိုးရ ဆေးရုံများကို ခုတင် ၅၀ ဆံ့ ဆေးရုံများအဖြစ်သို့ အဆင့်မြှင့်တင်နိုင်ရန် ကျန်းမာရေးဆိုင်ရာ ၅ နှစ် စီမံကိန်း ၂၀၁၆-၂၀၂၁ ကို လျာထား ရေးဆွဲပြီး ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ၃ ဦးတို့က ဆေးရုံဆေးခန်းများ အဆင့်မြှင့်တင်ပေးရန်နှင့် ကျန်းမာရေး ဝန်ထမ်း မလုံလောက်မှုအပေါ် လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ရာ ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနအောက်ရှိ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံများအား ခုတင် ၅၀ ဆံ့ တိုးမြှင့်ရန်အတွက် လျာထားပြီး ဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောဆိုပြီး ၂ လအတွင်း ဆရာဝန် ၂၀၀၀ အသစ်ခန့်ပေးမည်ဟုလည်း ဆိုသည်။
လွှတ်တော် ကိုယ်စားလှယ်များကလည်း ခုတင် ၂၅ လုံးဆံ့ ဆေးရုံတွင်ပင် ခုတင်မပြည့်မီခြင်း၊ တချို့ဆေးရုံများ ဖွဲ့စည်းပုံအရ ဆရာဝန် ၄ ဦးဟု ပြသထားသော်လည်း ဆရာဝန်ဦးရေ အပြည့်အ၀ မရှိခြင်း၊ နယ်စပ်ဒေသများတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲများ အသစ်ဆောက် ပေးနိုင်ခြင်း မရှိခြင်းတို့အပေါ် မေးခွန်းထုတ်ခဲ့ကြသည်။
“ကျနော်တို့ မြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု အနေနဲ့ ၂၅ ခုတင်ဆံ့ ဆေးရုံကို ဆရာဝန် ၄ ဦး အမည်ခံပေးပို့ထားပေမယ့် ၁၆ ခုတင် ဆေးရုံနဲ့ ဆရာဝန် ၂ ဦးသာ ဆောင်ရွက်နေလို့ မလုံလောက်ပါဘူး။ အများစုက အခြေခံ လူတန်းစားတွေမို့လို့ အထူးကု ဆေးခန်းတွေကိုလည်း မသွားနိုင်ပါဘူး”ဟု ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်က လွှတ်တော်တွင် ပြောသည်။
ဦးအေးနိုင်က တောင်ဒဂုံတွင် ခုတင် ၁၀၀ ဆံ့ ဆေးရုံတည်ဆောက်ပေးရန်လည်း တောင်းဆိုခဲ့သည်။
အစိုးရအနေဖြင့် ဆေးရုံခုတင်များကို တိုးမြှင့်ပေးရန် လေ့လာစောင့်ကြည့်နေသည့် အညွှန်းကိန်းများ ရှိကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၁၅ ခုနှစ်အထိ ဆေးရုံတက် ရာခိုင်နှုန်းသည် ၄၉.၃ ရာခိုင်နှုန်း ရှိသဖြင့် တဖြည်းဖြည်း တိုးတက်လာသည်ကို တွေ့ရကြောင်း ဝန်ကြီးက ပြောသည်။
“ခုတင် ၂၅ ကနေ ၅၀ တိုးလိုက်ခြင်းအားဖြင့် ဆေးရုံဝန်ထမ်း ၅၅ ယောက်ကနေ ၁၅၆ ယောက်အထိ တက်လာမှာပါ။ ဖြည်းဖြည်းချင်း စီစဉ် ဆောင်ရွက် ပေးပါမယ်။ ဘာကြောင့် ၁၀၀ ကို ချက်ချင်း မတိုးလဲဆိုတော့ ပြည်သူလူထုရဲ့ နေစဉ်ဆေးရုံတက်ရောက်နှုန်းက ၁၃ ယောက်ပဲ ရှိပါတယ်။ ပြင်ပလူနာကလည်း ၄၉ လောက်ပဲ ရှိပါတယ်။ ခုတင်ပြည့်မှု ရာခိုင်နှုန်းကလည်း ၅၂ ပဲ ရှိတဲ့အတွက် ချက်ချင်း ၁၀၀ မပေးသေး ပါဘူး”ဟု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။
ပြည်သူများ မကျေနပ်သည်မှာ ဆေးရုံ ခုတင် မတိုး၍ မဟုတ်ဘဲ ဆရာဝန် မရှိ၍သာ ဖြစ်သည်ဟုလည်း ဝန်ကြီးက ဆိုသည်။
ထို့ကြောင့် ခုတင် ၅၀ ဆံ့ ဆေးရုံများတွင် ဆရာဝန်၊ ဆေးပညာ၊ ခွဲစိတ်၊ သွားဖွားမီးယပ်၊ ကလေး၊ အရိုး၊ အရေးပေါ် ကုသမှု၊ သွားနှင့် မေ့ဆေးစသည့် ဘာသာရပ်များပါ ထည့်သွင်းပေးမည်ဖြစ်ကြောင်း၊ အခြေခံ လူတန်းစားများ ဆေးရုံသို့ လာရောက်နိုင်မည့် အစီအစဉ် များလည်း လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျေးလက် ကျန်းမာရေးဌာနခွဲတခု တည်ဆောက်ပါက ကျပ် သန်း ၆၀ ကုန်၍ ကျေးလက် ကျန်းမာရေး ဌာနတခု ဖွင့်လှစ်မည် ဆိုပါက သန်း ၁၂၀ ကုန် သော်လည်း လိုအပ်သည့်နေရာများတွင် ရင်းနှီးမြှပ်နှံပေးသွားမည်ဟု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက လွှတ်တော်တွင် ပြောကြားခဲ့သည်။