ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင် ပြုလုပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်း အဝေးကို အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မ တော် (UWSA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ မတက်ရောက်ကြောင်း သိရှိရသည်။
အစည်းအဝေး တက်ရောက်နိုင်ခြင်းမရှိသော အဖွဲ့အဖွဲ့ ၄ ဖွဲ့တွင် UWSA အပါအဝင် ပလောင် (တအာင်း) အမျိုးသား လွတ် မြောက် ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) နှင့် နာဂ အမျိုးသား ဆိုရှယ် လစ်ကောင်စီ – ကပ်ပလန် (NSCN-K) တို့ဖြစ်ကြောင်း သိရှိရသည်။
အစည်းအဝေး ကျင်းပရေးကော်မတီ ဥက္ကဌ ခူဦးရယ် က “ ‘ဝ’ အနေနဲ့ကတော့ ရှင်းရှင်းပြောရရင် ကျနော်တို့ဆီက ဖိတ်ကြားစာ မရခင်ကတည်းက အစိုးရနဲ့ သူတို့ တွေ့ဆုံဆွေးနွေးပွဲ အတွက် အချိန်နဲ့ နေရာသတ်မှတ်ထားပြီးသား ဖြစ်တဲ့ အတွက်ကြောင့်မလို့ ကျနော်တို့ ဒီညီလာခံ တက်ရောက်ဖို့အတွက် သူတို့မှာ ခေါင်းဆောင်ကိုယ်စားလှယ်တွေရွေးချယ်စေလွှတ်ဖို့ အခက်အခဲရှိတယ် ဆိုတဲ့ အနေအထားမျိုးကိုတွေ့ရပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
မိုင်ဂျာယန် အစည်းအဝေးကို UWSA တက်ရောက်နိုင်ခြင်း မရှိသော်လည်း သူ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) က ကိုယ်စားလှယ်များ လေ့လာသူအဖြစ် တက်ရောက်လျက်ရှိကြောင်း သိရှိရ သည်။
“TNLA နဲ့ MNDAA ကတော့ သူတို့အနေနဲ့ တက်ရောက်ချင်တဲ့ ဆန္ဒတွေရှိပါတယ်။ သို့သော် လောလောဆယ်မှာ သူတို့အတွက် အခက်အခဲတွေ ရှိနေသေးတဲ့ အတွက်ကြောင့်မလို့ မတက်ရောက်နိုင်တာကိုတော့ နားလည်ခွင့်လွှတ်ပေးပါ။ နောက်အဆင့်တွေ မှာတော့ သူတို့ပူးပေါင်းဆောင်ရွက်ပါ့မယ်။ တက်ရောက်ပါမယ်ဆိုတဲ့ သဘောထားကိုပေးပါတယ်” ဟု ခူဦးရယ် က ပြောသည်။
TNLAက မိုင်ဂျာယန်အစည်းအဝေးမတက်ခြင်းမှာ လက်နက် စွန့်မည်ဆိုသည့် ထုတ်ပြန်ချက် ထုတ်ပြန်ပေးမှ ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ပါဝင်ခွင့်ရမည်ဟု မြန်မာ့တပ်မတော်က ပြောဆိုနေခြင်းကြောင့်ဖြစ်ကြောင်း၊ အကယ်၍ အစည်းအဝေးသို့ တက်ရောက်မည် ဆိုလျှင် ၎င်းတို့ကြောင့် အခြားလက်နက်ကိုင် အဖွဲ့အစည်းများကို ထိခိုက်မှုဖြစ်မည်ကိုစိုးရိမ်သဖြင့် မတက်ရောက်ခြင်း ဖြစ် ကြောင်း သိရှိရသည်။
“ကျနော်တို့ကို အခုတက်လာတဲ့ NLD အစိုးရနဲ့ မြန်မာ့ တပ်မတော်တို့က ဘာမှ အထစ်အငေါ့ မရှိဘဲ အပစ်ရပ် မူဝါဒအတိုင်း တခြားတိုင်းရင်းသားအဖွဲ့တွေ အတိုင်း ကျနော်တို့ကို ပါဝင်ခွင့်ပေးမယ် ဆိုရင် တွေ့ဆုံနိုင်မယ်ဆိုရင် ကျနော်တို့က ပါဝင်ဖို့ အသင့် ပါပဲ။ အခုက မြန်မာ့တပ်မတော်က ကျနော်တို့ကို လက်နက်စွန့်ပြီးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါဝင်ရမယ် ဆိုတာကို အခိုင် အမာ ပြောနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မိုင်ဂျာယန် အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိသည့် MNDAA နှင့် TNLA တို့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုး များ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင် များဖြစ်ကြပြီး UNFC က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်နိုင်ရေး မူဝါဒကို ဆုပ်ကိုင်ထားကြောင်း၊ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း MNDAA၊ TNLA၊ ရက္ခိုင့် တပ်မတော် (AA) တို့ကို ချန်လှပ်ခဲ့သဖြင့် UNFC အဖွဲ့ဝင်အများစုက NCA လက်မှတ်မရေးထိုးခဲ့ကြဟု သိရှိရသည်။
“ဒါကတော့ ကျနော်တို့ အစိုးရနဲ့ ဆက်လက် ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စလို့ နားလည်တယ်။ ဒီနေရာမှာ ကျနော်တို့ အဖွဲ့က တိကျ မှန်ကန်တဲ့ တိကျမှန်ကန်တဲ့ အဖြေပေးဖို့ဆိုတာထက် ကာယကံရှင် အဖွဲ့အစည်းနဲ့ အစိုးရကပဲ ပိုပြီးတော့ တိကျမှန်ကန်တဲ့ အဖြေကို ပေးဖို့ လိုမယ်လို့ ကျနော်တို့ ထင်ပါတယ်” ဟု ခူဦးရယ် က ပြောသည်။
မိုင်ဂျာယန်အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိသော အခြားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည့် နာဂ အမျိုးသားဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K) သည် အိန္ဒိယ မြန်မာနယ်စပ်တွင်အခြေစိုက်ပြီး ၎င်းတို့အနေဖြင့် အခြားတိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထားခြင်းမရှိသကဲ့သို့ အစိုးရက ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံသို့လည်း တက်ရောက်၍ နိုင်ငံရေးဆွေးနွေးမည်မဟုတ်ဟု ပြောဆိုထားသည်။