ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင်ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးတွင် တိုင်းရင်းသားများဘက်က ပြင်ဆင်ထားသော ဖက်ဒရယ်မူကြမ်းကို စတင်ဆွေးနွေး နေကြပြီဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။
မိုင်ဂျာယန် အစည်းအဝေး ဒုတိယမြောက်နေ့ သဘာပတိ အဖြစ် တာဝန်ယူထားသူ KNU ဒုဥက္ကဌ ပဒို နော်စီဖိုးရာစိန် က “ယခု လက်ရှိအစိုးရအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ပွင့်ပွင့်လင်းလင်း ဖော်ပြနေတာဟာ ကျမတို့အတွက် အားသာချက် တခုဖြစ်ပါတယ်။ အစိုးရဘက်က ဘယ်လိုဖက်ဒရယ် ပြည်ထောင်စု ပုံစံပဲရည်ညွှန်းသည်ဖြစ်စေ၊ ကျမတို့ဘက်က ဘယ်လို ဖက်ဒရယ်ပုံစံမျိုးကို တည်ဆောက်မှာလဲဆိုတာ စဉ်းစား၊ လေ့လာပြင်ဆင်ထားပြီးဖြစ်ပါတယ်” ဟု အဖွင့်မိန့်ခွန်းတွင် ပြောဆိုသည်။
၂၀၀၈ ခုနှစ်တွင် ရေးဆွဲခဲ့သော ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှု ကော်မတီ (FCDCC) က မူကြမ်းအဖြစ် သဘောတူထားပြီးဖြစ်သည့် ဖက်ဒရယ် အခြေခံမူကြမ်းအပြင် ၂၀၁၅ ခုနှစ်တွင် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှဖြည့်စွက်ထားသော အချက်အလက်များကို ပြန်သုံးသပ်ပြီး ဆွေးနွေးဖြည့်စွက် အတည်ပြုနိုင်ကြောင်း ပဒိုနော်စီဖိုးရာစိန် က ပြောသွားသည်။
တိုင်းရင်းသားများအနေဖြင့် ဖက်ဒရယ်အရေးပြောဆိုနေခြင်းမှာ ခွဲထွက်ရေးကို တောင်းဆိုနေခြင်းမျိုးမဟုတ်ဘဲ တိုင်းရင်းသား များအတွက် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်သာ တောင်းဆိုနေခြင်းဖြစ်ကြောင်း UNFC ဒုဥက္ကဌ နိုင်ဟံသာ က ပြောသည်။
နိုင်ဟံသာ က “ဖက်ဒရယ်ဖွဲ့စည်းပုံမှ မတည်ဆောက်ရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အရဆိုရင် ဗမာတွေကချည်းပဲ ကြီးစိုးလွှမ်းမိုးပြီး တော့ အားလုံးကို ချုပ်ကိုင်ထားတဲ့ ပုံစံမျိုးကတော့ ဘယ်တိုင်းရင်းသားတွေမှလက်မခံဘူး” ဟု ပြောသည်။
မိုင်ဂျာယန်အစည်းအဝေးသည် အစိုးရသစ်က ဖိတ်ခေါ်ထားသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံအတွက် အကြိုညှိနှိုင်းခြင်းပြီး၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဆိုင်ရာ နိုင်ငံရေး ဘုံသဘောထား ရပ်တည်ချက် ရယူရေး တို့ အတွက်ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များက ပြောသည်။
အဆိုပါအချက်များ အောင်မြင်စေရန်အတွက် ပင်လုံလက်စွဲစာတမ်း ဆွေးနွေး အတည်ပြုခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများ အတွက် အခြေခံမူများ၊ လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ အခြေခံမူများနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် ပြင်ဆင်ရေး တို့ကို အစည်းအဝေးတွင် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ဗိုလ်ချုပ် ဂွန်မော် က “အဓိကကတော့ ကျနော်တို့ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးမှာ ကာကွယ်ရေး၊ လုံခြုံရေး ပြီးရင် နိုင်ငံတော် တည်ဆောက် ရေးတွေမှာ အားလုံးလက်ခံ နိုင်တဲ့ ဘုံသဘောတူညီချက် တခုရရှိနိုင်ဖို့ မျှော်လင့်တာ ဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
မိုင်ဂျာယန်တွင်ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။