ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် ဝါးရုံဆိပ်ကျေးရွာအုပ်စု အင်းလျား အရှေ့စု ကျေးရွာ တွင် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရိုင်းပျစွာ ဆဲဆိုထား သည့် ဗီဒီယိုဖိုင်ကို တရွာလုံးကြားစေရန် လော်စပီကာနှင့် ဖွင့်ခဲ့သူ ကြံ့ခိုင်ရေးပါတီမှ ကိုမျိုးချစ်ဆိုသူကို ဝက်ထီး ကန် တိုက်နယ် ရဲစခန်း က ဆဲဆိုမှု၊ အသရေဖျက်မှုများဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။
ကိုမျိုးချစ်ကို ဝါးရုံဆိပ်ကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်ငွေ က တရားလိုပြု တိုင်တန်း ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၆ရက်နေ့က အမှုဖွင့်ခဲ့ကာ ဇူလိုင်(၂၇)ရက်နေ့တွင် သက်သေများကို ခေါ်ယူ စစ်ဆေး မှုများ ပြုလုပ်နေကြောင်း သိရသည်။
“ ဒီကိစ္စကို ဝန်ကြီးချုပ်ထိတင်ပြထားပါတယ်။ နိုင်တော်အဆင့်ပုဂ္ဂိုလ်တွေကို မကြားဝံမနာသာဆဲထားတဲ့ ဗီဒီယိုဖိုင် တွေကို တစ်ရွာလုံးကြားအောင့်ဖွင့်တာပါ လုပ်တဲ့သူက ကြံခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှုးပါ”ဟု တရားလိုလုပ်၍ အမှုဖွင့်တိုင်ကြားခဲ့သူ NLD ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်ငွေကပြောသည်။
ကိုမျိုးချစ်က အဆိုပါဗီဒီယိုဖိုင်ကို လူမှုကွန်ရက်စာမျက်နှာ ထံမှ ရယူ ခဲ့ပြီး နောက် ဇူလိုင်လ ၁၀ရက်၊ ၂၁ရက်၊ ၂၃ရက်နေ့နှင့်၂၄ ရက်နေ့များတွင် တရွာလုံးကြားစေရန် လော်စပီကာဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အမှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ဝက်ထီးကန်တိုက်နယ်ရဲစခန်းမှ သိရသည်။
“ကျနော်တို့အနေနဲ့ကတော့ ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက် ပုဒ်မ ၂၉၄/၅၀၀အရ အမှုဖွင့် အရေးယူ ထား ပါတယ်”ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ လော်စပီကာနှင့်တွဲဖက်အသုံးပြုခဲ့သော ဖုန်းဟန်းဆက်ကို သက်သေခံ ပစ္စည်း အဖြစ် သိမ်းယူကာ ကိုမျိုးချစ်ကို (ပ)၇၀/၂၀၁၆ ပုဒ်မ ၂၉၄/၅၀၀ အရအမှုဖွင့်အရေးယူမှုများ ပြုလုပ် ထား ကြောင်း သိရသည်။