မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း ဉာဏ်ရည် မှီသည့် မသန်စွမ်း ကလေးငယ်များ ကျောင်းအပ်ရာတွင် ငြင်းပယ်ခံရခြင်းများ ရှိနေကြောင်း မသန်စွမ်း ကလေးများ ပညာသင်ယူခွင့် ရရှိရေး လှုပ်ရှားမှု ကော်မတီက ပြောဆိုလိုက်သည်။
မသန်စွမ်းကလေးများ ပညာသင်ယူခွင့် ရရှိရေး လှုပ်ရှားမှု ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးရဲဝင်းက “ ၂၀၁၆-၁၇ ပညာသင်နှစ်မှာ ကျောင်းတက်ဖို့ ငြင်းပယ်ခံရတဲ့ ကလေးသူငယ်တွေရဲ့ စာရင်းတွေကို ကျနော် တို့ ကောက်ခဲ့ပါတယ်။ ကျောင်းတော်တော်များများမှာ ဉာဏ်ရည်မှီပေမယ့် ကျောင်းအပ်ခွင့် ငြင်းပယ်ခံရတဲ့ မသန်စွမ်းကလေးတွေ ရှိနေပါတယ်” ဟု ဇူလိုင် ၂၈ ရက်နေ့က ပြုလုပ်သည့် ကော်မတီသတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ကော်မတီ စာရင်း ကောက်ယူချက်များအရ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ဉာဏ်ရည်မှီသည့် မသန်စွမ်း ကလေးငယ်အချို့သည် သာမန်ကျောင်းများတွင် ကျောင်းအပ်ခဲ့ရာ ဆရာ၊ ဆရာမများက ကလေးငယ် ၁၀ ဦး ထက် မနည်း ကျောင်းအပ်ခွင့် ငြင်းပယ်ခံခဲ့ရကြောင်း ဦးရဲဝင်းက ပြောသည်။
မသန်စွမ်း ကလေးများ ကျောင်းအပ်လက်ခံရင် ငြင်းပယ်ထားခံရမှုများကို နေပြည်တော်၊ ပညာရေး ဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ တာဝန်ရှိသူများက ၎င်းတို့အနေဖြင့် ကျောင်းအပ်ခွင့် ပိတ်ပင်ရန် ညွန်ကြားထားမှု မရှိကြောင်း သိရသည်ဟု ရှင်းပြသည်။
ဆရာ၊ ဆရာမများက မသန်စွမ်းကလေးများငည် ကိုယ်လက် အင်္ဂါချို့တဲ့နေခြင်း၊ မသန်စွမ်းဖြစ်နေခြင်း၊ အခြားကလေးငယ်များကို နှောင့်ယှက်နိုင်သည်ဟု ယူဆခြင်းတို့ကြောင့် ကျောင်းအပ်ရာတွင် လက်မခံရခြင်း ဖြစ်ကြောင်း သိရသည်။
ကျောင်းအပ်ခွင့် ငြင်းပယ်ခံခဲ့ရသည့် ကလေးငယ်များ၏ အမည်များကိုမူ ၎င်းတို့၏ ဂုဏ်သိက္ခာ အရ သတင်းထောက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
ဧရာဝတီသတင်းဌာနက ပညာရေး ဝန်ကြီးဌာနကို သတင်းမေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် ၍ မရခဲ့ပါ။
“ ကျောင်းအပ်လက်မခံတဲ့ ကိစ္စက ကျောင်းအပေါ်မှာ ဆရာ၊ ဆရာမတွေ အပေါ်မှာ မူတည်နေတယ်။ မသန်စွမ်း ကလေးတွေက လူ့အခွင့်အရေးအရ၊ နိုင်ငံသားအခွင့်အရေးအရ ဥပဒေပြဋ္ဌာန်းချက်တွေ ရှိပေမယ့် ပညာသင်ခွင့် အပြည့်အဝ မရကြဘူး” ဟု ဦးရဲဝင်းက ဝေဖန်သည်။
အစိုးရက မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် အတည်ပြု ပြဋ္ဌာန်းထားပြီး ဥပဒေ၏ အခန်း ၅ တွင် မသန်စွမ်းသူများ၏ ပညာရေးတွင် မသန်စွမ်းသူတိုင်းသည် အခြားသန်စွမ်းသူများ နည်းတူ ပညာသင်ယူပိုင်ခွင့် ရှိပြီး ၎င်းတို့ အခြေခံပညာအဆင့်မှ တက္ကသိုလ်ပညာ အဆင့်ထိ သင်ယူနိုင်ရန် သင်ရိုးညွှန်းတမ်းများ၊ နေရာထိုင်ခင်း၊ သွားလာဆက်သွယ်မှု ဆိုင်ရာ အထောက်အပံ့များနှင့် သင်ထောက်ကူ ပစ္စည်းများ ရရှိရေးတို့ကို ပညာရေးဝန်ကြီးဌာနမှ အစီအစဉ် ချမှတ်ပေးရမည် ဟု ပြဋ္ဌာန်းထားသည်။
ကျောင်းပညာ မသင်ယူနိုင်သော မသန်စွမ်းသူများကိုသာ သီးသန့်ဖွင့်လှစ် သင်ကြားပေးသော အထူး ပညာ ရေး အစီအစဉ် ၊ ကျောင်းပြင်ပ ပညာရေး အစီအစဉ် နှင့် အသက်မွေးဝမ်းကျောင်း ပညာ အစီအစဉ်များကို ဆောင်ရွက်ပေးရမည် ဟု ဥပဒေတွင် ပါရှိသည်။
မသန်စွမ်းသူများ အခွင့်အရေး လှုပ်ရှားနေသူ ဦးနေလင်းစိုးက သာမာန် ကျောင်းများတွင် တတ်နိုင်သည့် ဉာဏ်စွမ်း ရှိပါလျက် ကျောင်းများတွင် အချို့ ကျောင်းအပ်ခွင့် ငြင်းပယ်ခံရခြင်း၊ ဝှီးချဲဖြင့် သွားလာရသည့် မသန်စွမ်း ကလေးငယ်များ အတွက် အပေါ်ထပ်များသို့ တက်ရန် လမ်းများ စီစဉ် ပေးထားခြင်း မရှိဘဲ လှေကားများသာ ရှိသဖြင့် ကျောင်းများတွင် မသန်စွမ်း ကလေးငယ်များအတွက် ပညာသင်ယူခွင့် နည်းပါးနေသေးသည်ဟု သုံးသပ်သည်။
မသန်စွမ်း ကလေးငယ် အများစုမှာ သာမာန်ကျောင်းများတွင် သန်စွမ်းသူများ နည်းတူ ပညာ သင်ယူ နိုင်ပါသော်လည်း သွားလာရေး အထောက်အပံ့များ ပြုလုပ်ထားခြင်း မရှိခြင်းကြောင့် အထူးကျောင်းများသို့ သွား၍ တက်ရောက်ရခြင်းများ၊ ကျောင်းမတက်တော့ခြင်းများလည်း ရှိနေသည်ဟု ဦးနေလင်းစိုးက ဆိုသည်။
“ အထူးကျောင်းတွေက မသန်စွမ်းကလေးတွေအတွက် သင်ထောက်ကူ ပစ္စည်း အပြည့်အစုံရှိလို့ ကောင်းတယ်ဆိုပေမယ့် မကောင်းတာက ဒီကလေးတွေ ကြီးပြင်းလာတဲ့ အခါ သာမာန်လူတွေ ကြားထဲ တိုးရမှာ ကြောက်တဲ့စိတ် ရှိသွားပါတယ်” ဟု ဦးနေလင်းစိုးက ပြောသည်။
မသန်စွမ်းကလေးများ အတွက် အထူးကျောင်းများမှာ နေရာတိုင်းတွင် မရှိသဖြင့် မသန်စွမ်းကလေး ငယ်တိုင်းမှာလည်း တတ်ရောက်နိုင်ခြင်း မရှိဟု သိရသည်။
မသန်စွမ်းကလေးငယ်များမှာ ဉာဏ်ရည်ကောင်းမွန်ပါက ငယ်စဉ် အခါတည်းက သာမာန်ကလေးငယ်များ နှင့် ယှဉ်တွဲပြီး ပညာသင်ယူခွင့် အပြည့်အဝ ပေးသင့်ကြောင်း၊ သို့မှသာ သာမာန်ကလေးငယ်များကလည်း မသန်စွမ်းကလေးငယ်များ၏ အခက်အခဲများကို နားလည်ပြီး အတူယှဉ်တွဲနေထိုင်နိုင်မည့် လူ့ပတ်ဝန်းကျင် ဖြစ်လာနိုင်မည်ဟု မသန်စွမ်း ကလေးများ ပညာသင်ယူခွင့် ရရှိရေး လှုပ်ရှားမှု ကော်မတီ မှ ဒေါ်ယုယသူ က ဆိုသည်။
မသန်စွမ်း ကလေးငယ်များအတွက် အများနည်းတူ ပညာသင်ကြားခွင့် ရရှိရေးနှင့် ပတ်သက်၍ ဆက်လက် တောင်းဆိုသွားမည်ဟု မသန်စွမ်းကလေးငယ်များ ပညာသင်ယူခွင့် ရရှိရေးလှုပ်ရှားမှုကော်မတီက ပြောသည်။
၂၀၁၀ ခုနှစ် တွင် နောက်ဆုံး ထွက်ရှိထားသည့် မသန်စွမ်းဦးရေ စာရင်းကောက်ယူချက် အရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ဦးရေမှာ ၄ ဒဿမ ၆ ရာခိုင်နှုန်း ရှိပြီး ကိန်းဂဏန်းအားဖြင့်၂ ဒဿမ ၃ သန်း ရှိသည်ဟု သိရသည်။
အဆိုပါ စစ်တမ်းအရ အခြေအနေအမျိုးမျိုးကြောင့် ကျောင်းလုံးဝ တတ်ခွင့်မရသည့် မသန်စွမ်းဦးရေမှာ ၅၃ ရာခိုင်နှုန်းရှိပြီး ပညာတတ်၊ ဘွဲ့ရ မသန်စွမ်း ဦးရေမှာ ၂ ရာခိုင်နှုန်း အောက်တွင် ရှိကြောင်း သိရ သည်။