၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ်ရဲ့ အခွန်ရရှိမှုဟာ သတ်မှတ်ထားတာထက် လျော့နည်းနေလို့ အစိုးရ အနေ နဲ့ အခွန်ငွေတွေ ပိုရရှိအောင် လုပ်ဆောင်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပ တဲ့ ပြည်ထောင်စု လွှတ်တော်မှာ တိုက်တွန်းလိုက်ပါတယ်။
ဒီဘဏ္ဍာနှစ်ရဲ့ ဒုတိယ ၆ လပတ် အခွန်ရရှိမှု အခြေအနေကို အစိုးရက လွှတ်တော်ကို ပေးပို့လာတဲ့အပေါ် အခွန်ဝင်ငွေ ရရှိ မှု လျော့နည်းတာကို သေချာရှင်းပြဖို့ လိုတယ်ဆိုပြီး ကိုယ်စားလှယ်တွေက ဝေဖန်ဆွေးနွေးကြပါတယ်။
“မြန်မာနိုင်ငံဟာ သယံဇာတနဲ့ တွင်းထွက်ပစ္စည်းတွေ အပေါ်မှီခိုဖို့ မသင့်ပါဘူး။ သဘာဝဓာတ်ငွေနဲ့ တွင်းထွက်ပစ္စည်း တွေ ဟာ ကုန်ခန်းသွားနိုင်ပါတယ်။ ဒါကြောင့် အခွန်ပေါ်မှာပဲ မှီခိုသင့်ကြောင်း အကြုံပြု ဆွေနွေးရခြင်း ဖြစ်ပါတယ်”လို့ ပုလဲ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
လျာထားချက် မပြည့်မီတဲ့ အခွန် ကောက်ခံမှုတွေအပေါ်မှာ ဘာကြောင့် မပြည့်မီတာလည်းဆိုတဲ့ ကျိုးကြောင်း ဖော်ပြချက် နဲ့ ဘယ်လို တိုးတက် ကောက်ခံရမယ်ဆိုတဲ့ အစီအစဉ်တွေ အစိုးရအနေနဲ့ ချမျတ်ရမယ့်အချိန် ဖြစ်တယ်လို့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ကလည်း ဆွေးနွေးပါတယ်။
ဒေါ်သက်သက်ခိုင်က“ဘယ်လိုပဲဖြစ်ဖြစ် နှစ်စဉ်ကောက်ခံမှု အခြေအနေတွေကို ခြုံကြည့်မယ်ဆိုရင် ကျမတို့နိုင်ငံရဲ့ အခွန် ကောက်ခံမှု ရရှိငွေဟာ အသုံးစရိတ်ထက် နှစ်စဉ်လျော့နည်းနေပြီး ဘဏ္ဍာရေးလိုငွေဟာ နာတာရှည်ရောဂါလို စွဲကပ်နေ ပါ တယ်”လို့ ပြောပါတယ်။
လျာထားချက်ထက် လျော့နည်းရရှိတဲ့ အခွန်တွေကတော့ ယစ်မျိုးခွန်၊ သွင်းကုန်အတွက် လိုင်စင်များ၊ ဝင်ငွေခွန်၊ အကောက် ခွန်၊ ကြက်ပေါင်စေးပေါ်မှာ ကောက်ခံရရှိတဲ့ အခွန်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်ယူတဲ့အတွက် ကောက်ခံ တဲ့ အခွန်နဲ့ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းတို့ကြောင့် ကောက်ခံတဲ့ အခွန်တွေ ဖြစ်တယ်လို့ ပြည်ထောင်စုရဲ့ အခွန် ရငွေစာရင်းအရ သိရပါတယ်။
“အခွန်နှုန်းထားတွေ မတူညီတဲ့အတွက် အခွန်ကောက်ခံနှုန်း လျော့နည်းလာပါတယ်။ မြန်မာနိုင်ငံ အရင်းအနှီး မြှပ်နှံမှုနဲ့ ပတ်သက်ပြီး ရေနံ၊ သဘာဝ သယံ ဇာတ၊ ဈေးနှုန်း လျော့နည်းခြင်းကြောင့် အခွန်ရနှုန်း လျော့နည်းလာပါတယ်။ အခွန် စနစ် သင့်တင့်မျှတအောင် ပြုပြင်ဆောင်ရွက်နေပါတယ်”လို့တော့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အောက်တိုဘာလကနေ မတ်လအထိ ပြည်ထောင်စုရဲ့ အခွန်ရငွေ လျာထား ချက်က ကျပ် ၄,၃၅၉,၈၅၂.၁၂၇ သန်းဖြစ်ပြီး လက်တွေ့ ကောက်ခံရရှိမှု ကျပ် ၃,၉၅၆,၄၈၅,၇၂၇ သန်းဖြစ်လို့ အကောင် အထည်ဖော်မှုက ၉၀.၇၅ ရာခိုင်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီဘဏ္ဍာရေးနှစ်မှာပဲ ဒုတိယ ၆ လပတ် တခြားအခွန် လျာထားချက်က ကျပ် ၁,၁၀၃,၃၆၁.၆၂၇ သန်း ဖြစ်ပြီး ကောက်ခံရရှိ မှုက ကျပ် ၉၂၃,၂၅၉,၀၃၂ သန်း ဖြစ်လို့ အကောင်အထည်ဖော်မှုက ၈၃.၆၈ ရာခိုင်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီအခွန်တွေထဲမှာ အရေးကြီးဆုံးကတော့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်နဲ့ အထူးကုန်သွယ်ခွန်တွေ ဖြစ်ပြီး တချို့ အခွန်တွေကို တိုးကောက်ဖို့ လိုပြီး တချို့အခွန်တွေကတော့ လျှော့ကောက်ဖို့ လိုတယ်လို့ ရန်ကုန်တိုင်း ဒေသကြီးက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကလည်း ပြောပါတယ်။
“နိုင်ငံတကာမှာတော့ အခွန်ဆိုင်ရာ အကြံပေးကုမ္ပဏီတွေ အများကြီး ထူထောင်ထားပါတယ်။ မူဘောင် သတ်မှတ်ချက် တွေ ရေးဆွဲပေးပါတယ်။ နိုင်ငံတကာ အခွန်ဆောင်ရွက်တဲ့ အကြံပေးကုမ္ပဏီကို ငှားရမ်းမယ်ဆိုရင် ပိုထိရောက်နိုင်တဲ့ အခွန် ထမ်းစနစ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်”လို့လည်း ဒေါက်တာ မြတ်ဉာဏ စိုးက ဆိုပါတယ်။
အစိုးရအနေနဲ့ ဝင်ငွေပိုရရှိတဲ့ နိုင်ငံသားနဲ့ စီးပွားရေးလုပ်ငန်းတွေထံကနေ ပိုမိုမြင့်တဲ့ အခွန်ထည့်ဝင်စေသင့်ပြီး ဒီလိုဝင်ငွေ မြင့် တဲ့ နိုင်ငံသားတွေကို အခွန် ပိုထည့်ဝင်စေတာဟာ ပြည်သူပိုင်ပစ္စည်းတွေဖြစ်တဲ့ အခြေခံအဆောက်အအုံနဲ့ ပြည်သူ့ ဝန်ဆောင်မှုတွေကို နိုင်ငံသားတွေကြားမှာ သာတူညီမျှ သုံးစွဲခွင့်ပေးခြင်းကို ဖော်ဆောင်တာလည်းဖြစ်တယ်လို့ ဒဂုံ မဲ ဆန္ဒနယ်က ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။
“အခွန်ကို စနစ်တကျကောက်ခံဖို့ ဗဟိုအစိုးရ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဆင့်တွေနဲ့ မြို့နယ်တွေကြားမှာ ဘဏ္ဍာ ရေး ရှာဖွေခြင်း၊ သုံးစွဲခြင်းတွေမှာ တာဝန်ခွဲခြားထားသင့်ပါတယ်။ ဒါကို ဘဏ္ဍာရေး ဖက်ဒရယ်မူလို့ ပြောလို့ရပါတယ်”လို့ သူက ဆိုပါတယ်။
ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ လျာထားချက် ပြည့်မီတဲ့ အခွန်က ၁၁ မျိုး ရှိပြီးတော့ လျာထားချက်အောက် လျော့နည်းတဲ့ အခွန်က ၇ မျိုး ရှိနေပါတယ်။ အဲဒီ စုစုပေါင်း အခွန် ၁၈ မျိုးကို ဝန်ကြီး ဌာန အသီးသီးက စီမံခန့်ခွဲပြီးတော့ ကောက်ခံနေတာ ဖြစ်ပါတယ်။
အခွန်အမျိုးအစားအလိုက် လျာထားချက်ထက် ပြည့်မီကျော်လွန်တဲ့ အခွန်တွေကတော့ ကုန်သွယ်လုပ်ငန်းအခွန်၊ အောင် ဘာလေထီဆု အခွန်ရငွေ၊ သယ်ယူ ပို့ဆောင်ရေးအခွန်၊ တံဆိပ်ခေါင်း ရောင်းရငွေများ၊ မြေယာအပေါ်တွင် ကောက်ခံသည့် အခွန်၊ ရေခွန်နဲ့ တာတမံအခွန်၊ သစ်တောများမှ ပစ္စည်းတွေထုတ်ယူတဲ့အတွက် ကောက်ခံသည့် အခွန်၊ ဓာတ်သတ္တု ပစ္စည်း များ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်၊ အင်းအိုင်ခွန်၊ ဓာတ်သတ္တုခွန်၊ ရတနာခွန်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်ယူတဲ့အတွက် ကောက်ခံတဲ့အခွန်တွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံမှာ အခွန်ကောက်ခံမှု အနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေရပြီးတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေရဲ့ အခွန်ကောက်ခံမှုနှုန်းဟာ ပြည်တွင်းအသားတင်ထုတ်ကုန် GDP ရဲ့ ၁၇ ရာခိုင်နှုန်း ရှိပြီး စင်ကာပူ၊ ဗီယက်နမ်နိုင်ငံတွေမှာ ၁၄ ရာခိုင်နှုန်းရှိလို့ မြန်မာနိုင်ငံမှာတော့ အခွန်ဝင်ငွေ စုစုပေါင်းဟာ ပြည်တွင်းအသားတင် ထုတ်ကုန်ရဲ့ ၅ ရာခိုင်နှုန်းအောက် လျော့နည်းနေတာ တွေ့ရပါတယ်။
၂၀၁၅ – ၂၀၁၆ ခုနှစ် ဘဏ္ဍနှစ် ဒုတိယ ၆ လပတ် လျာထားချက် အခွန်ကောက်ခံရရှိမှု အခြေအနေအပေါ် ပြည်သူ့ ငွေ စာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာနဲ့ အစိုးရရဲ့ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။
ဒေါက်တာ မြတ်ဉာဏစိုးက“အခွန်ထမ်းပြည်သူများကလည်း အခွန်ကိုထမ်းဆောင်ခြင်းအားဖြင့် တိုင်းပြည် တည်ဆောက် ရေးကို မိမိတို့ရဲ့ တတ်စွမ်းတဲ့ ကဏ္ဍကနေ ပါဝင်နေတယ်ဆိုပြီး ဂုဏ်ယူနေတဲ့ အခွန်ထမ်းဆောင်လိုစိတ်ရှိတဲ့ ပြည်သူများ ဖြစ်ပါစေလို့ တိုက်တွန်းလိုက်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။