ဧရာဝတီတိုင်း စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ချပေးထားသော ဌာနပိုင်မြေကွက်ကို ကျူးကျော်ခြံခတ် သည် ဟု ဆိုကာ လူ ၅ ဦးကို တရားစွဲဆိုရာတွင် အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသားနှင့် အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား တို့ကိုပါ ထည့်သွင်း တရားစွဲဆိုထားကြောင်း သိရသည်။
စာရင်းစစ်ချုပ်ရုံး ပိုင်ဆိုသည့် ပုသိမ်မြို့ အမှတ် ၁၅ နယ်မြေ၊ ရုံးရပ်ကွက် မဟာစေတီ လမ်းရှိ အကွက်အမှတ် ၁၆၃ – C မြေကွက်ကို မူလမြေသိမ်းခံ လယ်သမား ဦးသန်းမောင်၏ မိသားစုဝင်များက ယခုနှစ် ဖေဖော်ဝါရီလအတွင်း ခြံခတ်ခဲ့သည့် အပေါ် ပုသိမ်မြို့နယ် စာရင်းစစ်ဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က ဇူလိုင် ၂၄ ရက်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်မြို့မရဲစခန်းမှ အမှုစစ်အရာရှိ ရဲအုပ် မောင်မောင်သူရမျိုး က ဧရာဝတီကို ပြောသည်။
“ဌာနပိုင်မြေကွက်ကို ကျူးကျော်ခြံခတ်တယ်ဆိုပြီး ပုဒ်မ ၄၄၇ ကျူးကျော်မှုနဲ့ အမှုဖွင့်တာပါ။ စတိုင်တဲ့ အချိန်မှာ အမည် မသိလူ ၂ ဦး ဆိုပြီးပါတယ်။ သက်သေတွေရဲ့ထွက်ဆိုချက်အရ ဒီကောင်လေး ၂ ဦး ပါတယ်လို့ သိရပါတယ်။ ဒါကြောင့် သူတို့ကို ခေါ်ပြီး မေးမြန်းတာပဲ ရှိပါတယ်။ ဖမ်းဆီးတာတွေ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
စာရင်းစစ်ဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၏ တိုင်တန်းမှုအရ ပုသိမ်မြို့မ ရဲစခန်းက ခြံခတ်သူများဖြစ်ကြသည့် မူလ မြေသိမ်းခံ လယ်သမား ဦးသန်းမောင်၏သား ဦးချိုပြုံး၊ ချွေးမဖြစ်သူ ဒေါ်ခင်မြဝင်း၊ သားမက်ဖြစ်သူ ဦးမျိုးဦးနှင့် မြေးများ ဖြစ်သူ ကျောင်းသား ၂ ဦးတို့ကို ပြစ်မှုနံပါတ် ၃၂၃/၂၀၁၆၊ ပုဒ်မ ၄၄၇ (ကျူးကျော်မှု) ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ၎င်းတို့ကို ဇူလိုင်လ ၂၆ ရက်တွင် ပုသိမ် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
လယ်သမား ဦးသန်းမောင် စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေ ၅ ဒသမ ၄၇ ဧကကို ၁၉၉၂၊ ၁၉၉၃ ခုနှစ်တွင် ပုသိမ် မြို့ပြ စီမံကိန်း အဖြစ် လုပ်ဆောင်ရန် အုပ်ချုပ်ရေး တာဝန်ရှိသူများက သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ မြေသိမ်းခဲ့သော်လည်း ၁၂ နှစ်ခန့် ကြာသည်အထိ မည်သည့်စီမံကိန်းမှ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ ဌာနဆိုင်ရာ ဝန်ထမ်းတချို့က သီးစားခဖြင့် လယ်ယာ စိုက်ပျိုးခဲ့ကြကြောင်း တရားစွဲခံရသူ တဦးဖြစ်သည့် ဦးမျိုးဦးက ပြောသည်။
ထို့နောက် ၂၀၁၄ ခုနှစ်တွင် ပုသိမ် အထည်ချုပ်စက်ရုံမှ လယ် ၄ ဧကကို ခြံခတ် ရယူသွားခဲ့သည့် အတွက် ကျန်ရှိနေသည့် မြေ ၁ ဒသမ ၄၇ ဧကကို မိမိတို့ မူလလုပ်ကိုင်ခဲ့သူများက သွားရောက်ခြံခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“မြေတွေသိမ်းပြီးတော့ အဆောက်အဦး မဆောက်၊ စီမံကိန်းမလုပ်ဖြစ်တဲ့ မြေတွေကို မူလပိုင်ရှင်တွေကို ပြန်ပေးရမယ် ဆိုပြီး အစိုးရက ကြေညာထားတော့ ကျနော်တို့က ပိုနေတဲ့မြေကို သူများဝင်ကျူးကျော်မှာ စိုးလို့ ခြံဝင်ခတ်တာပါ။ အဲဒါကို စာရင်းစစ်ရုံးက ကျူးကျော်မှုနဲ့ တရားစွဲတာ”ဟုလည်း ဦးမျိုးဦးက ပြောသည်။
အသက်မပြည့်သေးသည့် ပညာသင်ယူနေဆဲ ကလေးများကို တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ပုသိမ်မြို့အခြေစိုက် လူ့ အခွင့် အရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်(HRAN) အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦးက “ သူတို့ ဘိုးဘွားတွေရဲ့မြေကို ခြံခတ်တဲ့ ကိစ္စ ဝိုင်းကူလုပ်ပေးတဲ့ အဆင့်လေးနဲ့တင် ပညာသင်ဆဲ၊ ကျောင်းတက်ဆဲ ကလေးတွေကို ဌာနဆိုင်ရာ တရပ် အနေနဲ့ တရားစွဲတာဟာ ကလေးတွေအတွက် ဘဝတလျှောက်လုံးမှာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာပါ အများကြီး ထိခိုက် စေပါတယ်”ဟု ပြောဆိုသည်။