တိုင်းပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်နိုင်ရန်အတွက် ပံ့ပိုးပေးရန် လိုအပ်သည့် စွမ်းအင်ကဏ္ဍ၊ အခြေခံ အဆောက် အအုံ ကဏ္ဍတို့အတွက် အစိုးရအနေဖြင့် အသေးစိတ် မူဝါဒများ ထပ်မံ ထုတ်ပြန်ပေးသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “သံတမန်တွေ၊ စီးပွားရေးသမားတွေ စိတ်ဝင်စားတဲ့ ကိစ္စကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆိုင်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ အင်မတန် အရေးကြီးမှန်းသိလို့ကို အဲဒါအတွက် သပ်သပ် မူဝါဒစာတမ်း ထွက်ပါ လိမ့်မယ်။ ဒီနေ့ ထုတ်တာကတော့ ယေဘုယျ စီးပွားရေး မူဝါဒကို ထုတ်တာပါ”ဟု ပြောသည်။
ဇူလိုင်လ ၂၉ ရက်နေ့က တိုင်းပြည်၏ စီးပွားရေး မူဝါဒများ ထုတ်ပြန်သည့် အခမ်းအနားကို နေပြည်တော် MICC – 2 တွင် ကျင်းပခဲ့သည်။
အစိုးရ၏ စီးပွားရေး မူဝါဒများ ထုတ်ပြန်မှုတွင် အချက် ၁၂ ချက်သာ ပါဝင်ပြီး ယေဘုယျဆန်နေသဖြင့် လူမှုအသိုင်းအဝိုင်း က အားမလို အားမရနှင့် ဝေဖန်လျက်ရှိချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ် သည်။
“စွမ်းအင်၊ အခြေခံ အဆောက်အအုံနဲ့ ပတ်သက်ပြီးတော့လည်း သပ်သပ် အသေးစိတ် မူဝါဒ သဘောထားတွေ ထုတ်ပါ မယ်။ အဲဒါကတော့ အသေးစိတ် မေးတဲ့သူတွေ များနေလို့ပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အထူးသဖြင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံချင်သည့် ပုဂ္ဂိုလ်များက ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် မေးခွန်းများစွာ မေးကြောင်း၊ မေးခွန်းများတွင် မူဝါဒ၊ ဥပဒေများသာမက အခြေခံ အဆောက်အအုံနှင့် ပတ်သက်သည့် မေးခွန်းများလည်း ရှိကြောင်း သိရ သည်။
“နောက်ဆုံး ပြောရမယ်ဆိုရင် စွမ်းအင်နဲ့ လမ်းပန်းဆက်သွယ်ရေးပေါ့။ လမ်းပန်းဆက်သွယ်ရေးနဲ့ စွမ်းအင် ခိုင်ခံ့မှု မရှိဘူး ဆိုရင် စက်ရုံကြီးတွေ ဆောက်ဖို့ ဆိုတာကတော့ လေထဲမှာ တိုက်အိမ် ဆောက်သလိုပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
သူက ဆက်လက်၍ “စီးပွားရေး လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ရင်းနှီးမြှုပ်နှံချင်တယ်။ ပြီးတော့ ကျနော်တို့ကပဲ လမ်းဆောက်ရမယ်။ ကျနော်တို့ကပဲ လျှပ်စစ်ရအောင် လုပ်ရမယ်ဆိုရင် မလုပ်ချင်ဘူးလို့ ပြောတယ်။ ဒါကြောင့်မိုလို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ကတော့ သပ်သပ်အသေးစိတ် မူဝါဒ ထုတ်ပြန်ပါ့မယ်”ဟုလည်း ပြောဆိုသည်။
အဆိုပါ စီးပွားရေး မူဝါဒ ထုတ်ပြန်သည့် အခမ်းအနားသို့ မီဒီယာများကို တက်ရောက် သတင်းရယူခွင့် မပြုဘဲ နောက်ပိုင်း တွင် လူဦးရေ အကန့်အသတ်ဖြင့်သာ ဝင်ရောက်ခွင့်ပေးခဲ့သည်။