အပစ်မရပ်သေးသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အနေဖြင့် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးရေးမှာ တပ်ပေါင်းစု လက်နက်ကိုင် အားလုံး လက်မှတ်ထိုးခွင့်ရရှိရေးအပေါ်တွင် မူတည်ကြောင်း UNFC ကပြောဆိုသည်။
ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင် ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး စတုတ္ထမြောက်နေ့ ဇူလိုင်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် UNFC တပ်ပေါင်းစု ခေါင်းဆောင်များက ယခင်က ရပ်တည်ထားသည့်အတိုင်း အားလုံးပါဝင်ရေးမူကို အစိုးရက လက်ခံမှ အပစ်ရပ် လက်မှတ်ထိုးမည်ဟု ပြောဆိုလိုက်သည်။
UNFC ဒုဥက္ကဌ နိုင်ဟံသာ က “NCA ကိုလက်မှတ်ထိုးဖို့ ဆိုတဲ့ နေရာမှာ UNFC ရပ်တည်ချက်ကတော့ အဖွဲ့အားလုံးပါဝင်မှ လက်မှတ် ထိုးမယ်ဆိုပြီးတော့ အရင်ကချမှတ်ခဲ့တာရှိပါတယ်။ UNFC အနေနဲ့ပြောရမယ်ဆိုရင် အဖွဲ့အားလုံးပါဝင် လက်မှတ် ထိုးခွင့်ရှိတဲ့ အနေအထားမျိုးဆိုရင် တို့က လက်မှတ်ထိုးမယ်အမြင်သဘောထားရှိပါတယ်” ဟု ပြောသည်။
အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ NCA လက်မှတ်ထိုးရန်ကိစ္စကို အစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ တက်ပြီးမှ ထိုးမလား သို့မဟုတ် ယင်းညီလာခံမတိုင်ခင် လက်မှတ်ထိုးနိုင်ရေး အရင် လုပ်ဆောင် မလား ဆိုသည်ကို ဇူလိုင်လ ၂၉ ရက်နေ့အထိ သဲသဲကွဲကွဲ မသိရှိရသေးဟု လက်နက်ကိုင်ခေါင်းဆောင်များက ပြောသည်။
UNFC တပ်ပေါင်းစုတွင် လက်နက်ကိုင်အဖွဲ့အစည်း ၉ ဖွဲ့ပါဝင်ပြီး ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့သုံးဖွဲ့ကို လက်နက်စွန့် မည် ဆိုသည့် ကတိသဘောထားထုတ်ပြန်မှ နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ခွင့်ပြုမည်ဟု တပ်မတော်က တရားဝင် ထုတ်ဖော်ပြော ဆိုထားသည်။
AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်“ကျနော်တို့ကို Statement ထုတ်ခိုင်းတဲ့ အနေအထားတွေရှိတယ်။ ယုံကြည်ချက်ကို စွန့်ခိုင်းတဲ့ သဘောတွေပါတယ်။ ကျနော်တို့ စစ်တိုက်တာ မှားယွင်းတဲ့ အတွက် သူတို့ကိုတောင်းပန်ရမယ်ပေါ့။ ပြည်သူကိုလည်း တောင်းပန် ရမယ်ဆိုတဲ့ဟာတွေပါတယ်။ ဒါတွေကတော့ အရမ်းခက်ခဲ့တဲ့ကိစ္စ၊ မဖြစ်နိုင်တဲ့ ကိစ္စပေါ့လေ။ ကျနော်တို့က ယုံကြည် ချက်ကြောင့် ပိုက်ဆံ တပြားမှ မယူဘဲနဲ့ အသက်စွန့်ပြီးတိုက်နေကြတဲ့ ရဲဘော်တွေ။ အသက်ထက်တောင် တန်ဖိုးထားတဲ့ အရာကို စွန့်လွှတ်ခိုင်းတယ်ဆိုတော့ မဖြစ်အောင်များ ဒါကို တမင်ကန့်ထားတာလားဆိုပြီး စဉ်းစားစရာတောင် ဖြစ်တယ်” ဟု ပြောသည်။
မဟာမိတ်သုံးဖွဲ့အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်ပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် စိတ်ဝင်စားကြောင်း ယင်း အတွက်လည်း ပြင်ဆင်ထားကြောင်း သို့သော်လည်း နီးကပ်လာချိန်အထိ အစိုးရဘက်က အပြုသဘောဆောင်သော ကမ်းလှမ်းမှုမျိုး မတွေ့ရှိရသေးကြောင်း၊ သို့သော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ မကြာခင်က နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး စာတစောင်ပို့ထားသည်ဟုဆိုသည်။
မဟာမိတ်သုံးဖွဲ့ အနက် AA အနေဖြင့် ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်နေသည့် အစည်းအဝေးကို တက်ရောက် ဆွေးနွေး နေလျက်ရှိပြီး အစည်းအဝေး နောက်ဆုံးနေဖြစ်သည့် ဇူလိုင်လ ၃၀ ရက်နေ့ညနေပိုင်းတွင် ၎င်းတို့သုံးဖွဲ့အရေးနှင့် ပတ်သက်ပြီး တက်ရောက်လာသည့် ခေါင်းဆောင်များကို မေးခွန်းထုတ်သွားမည်ဟု ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် က ဆိုသည်။
UNFC တပ်ပေါင်းစု အဖွဲ့ဝင်များဖြစ်သည့် TNLA နှင့် MNDAA တို့ကတော့ မိုင်ဂျာယန် အစည်းအဝေးကို တက်ရောက်လာခြင်း မရှိပေ။ သို့သော်လည်း NCA လက်မှတ်ရေးထိုးရေးတွင် တပ်ပေါင်းစု အဖွဲ့ဝင်များ အားလုံး တညီတည်း လက်မှတ်ထိုးနိုင်ရေး အတွက် တပ်ပေါင်းစုက သဘောထားပြောင်းလဲခြင်း မရှိဟု UNFC ကပြောသည်။
“ဘာကြောင့် အဲသလိုရပ်တည်သလဲဆိုတော့ အဖွဲ့အားလုံးမပါရင် တို့နိုင်ငံရဲ့ တနိုင်ငံလုံး ငြိမ်းချမ်းအောင် ကြိုးပမ်းနေတဲ့ ကိစ္စက အချို့အဖွဲ့ကို ချန်ထားခြင်းအားဖြင့် အဓိပ္ဗာယ်မရှိတော့ဘူးလို့ မြင်တယ်။ လိုလားတဲ့ တနိုင်ငံလုံး အေးချမ်းဖို့ဆိုတဲ့ဟာကလည်း မဖြစ်နိုင်တော့ဘူးပေါ့လေ။ ဒါကြောင့်ဒီလိုအဓိပ္ဗာယ် မရှိတဲ့ ပုံစံမျိုးကို တို့လက်မခံချင်ဘူး။ အားလုံးကို လွယ်လွယ်ကူကူနဲ့ ကန့် သတ်ချက်မရှိ လက်မှတ်ထိုးပြီးတော့မှ ညီလာခံကို တက်ဖို့ လမ်းဖွင့်ပေးမယ်ဆိုရင်တော့ အားလုံးပါဝင်ဖို့က အဆင်သင့်ပါပဲ” ဟု နိုင်ဟံသာ ကပြောသည်။
မဟာမိတ်သုံးဖွဲ့ နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်နိုင်ရေး၊ NCA လက်မှတ်ရေးထိုးနိုင်ရေးတို့အတွက် နိုင်ငံအတွင်း အင်အား အကြီးဆုံး လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ကလည်း အစိုးရနှင့် တွေ့ဆုံပြောဆိုမည်ဟု ပြောဆိုထားကြောင်း သိရှိရသည်။