သတင်း

Blacklist စာရင်းဝင် ရာချီ အစိုးရ ဖယ်ရှား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသား ၆၀၀ ကျော်ခန့်ကို မြန်မာနိုင်ငံ၏ Blacklist စာရင်းမှ ပယ်ဖျက်ပေးလိုက်ပြီ ဖြစ် ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနကဇူလိုင်လ ၂၈ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။

စာရင်းမှ ပယ်ဖျက်သင့်သူများကို ရက် ၁၀၀ စီမံချက်အရ ဖြေလျှော့ပေးမည်ဟု အလုပ်သမား၊ လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့သည့်အတိုင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်နှင့် နိုင်ငံခြားသား ၃၀၀ ကျော် ပါဝင်သည့်စုစုပေါင်း ၆၀၇ ဦးကိုအမည်မည်းစာရင်းမှ ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

စာရင်းမှ ယခုတခါ ပယ်ဖျက်ပေးလိုက်သောစာရင်းသည် ယခင်ရှိခဲ့သည့် လူ ၈၀၀၀ ကျော်စာရင်း၏ ရ.၅ ရာခိုင်နှုန်းခန့်သာရှိပြီး 7Day Daily က ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သော သတင်းတပုဒ်အရ ယခုပယ်ဖျက် လိုက်သူများတွင် နိုင်ငံတကာမူခင်းရဲတပ်ဖွဲ့ (INTERPOL) က ပါဝင်နေသူများ ကိုထည့်သွင်းမထားကြောင်း သိရသည်။

နိုင်ငံခြားရေး ၀န်ကြီးဌာန နှင့် ပြည်ထဲရေး ၀န်ကြီးဌာနကဲ့သို့သော ဆက်နွယ်ဆောင်ရွက်ရမည့် ဝန်ကြီးဌာနများသို့ ဖြေလျှော့ပေးလိုက်သည့် စာရင်းကို ပေးပို့ထားပြီး ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ဧရာဝတီသို့ ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက “နိုင်ငံအတွက် ကောင်းကျိုးလုပ်တဲ့သူမှန်သမျှ ပယ်ဖျက်ပေး သွားမှာပါ” ဟုဆိုသော်လည်း ဖြေလျှော့ပေးလိုက်သည့် စာရင်းနှင့် ပတ်သက်သည့် အသေးစိတ် အကြောင်းအရာများကို ဖြေကြားရန် ငြင်းဆိုခဲ့သည်။

ယခင်စစ်အစိုးရ နှင့် အရပ်သားအမည်ခံ ဦးသိန်းစိန်အစိုးရလက်ထက်များတွင် “လုံခြံုရေးကို ထိခိုက်စေနိုုင်သည်”ဟု ယူဆသူများကို Blacklist စာရင်း သွင်းခဲ့ကြခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ အစိုးရလက်ထက်တွင် အာဏာရပြီး ၁ နှစ်အကြာ ၂၀၁၂ ခုနှစ်တွင်  လူပေါင်း ၆၀၀၀ ကျော် စာရင်းမှ လူ ၂၀၀၀ ကျော်ကို ပယ်ဖျက်ပေးခဲ့သည်။

ထိုအချိန်က ပယ်ဖျက်ပေးခံရသူများထဲတွင် ပြည်ပရောက် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံခြားသား စာနယ်ဇင်းသမားများနှင့် နိုင်ငံရေး ဝေဖန်သုံးသပ်သူ များလည်း ပါ၀င်သည်။ “The Lady” ဇာတ်ကားတွင် ဒေါ်အောင်ဆန်း စုကြည် အဖြစ် သရုပ်ဆောင်ခဲ့သော ရုပ်ရှင် မင်းသမီးMichelle Yeoh၊ ဒေါ်အောင်ဆန်းစုကြည်၏ သား နှစ်ယောက်နှင့် “Unmasking Burma’s Tyrant” အမည်ရှိ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထုပ္ပတ္တိစာအုပ်ကို ရေးသားခဲ့သူ Benedict Rogers တို့ကိုလည်း ယင်းဖြေလျှော့ပေးခံရသူများထဲတွင် ပါဝင်ခဲ့သည်။

ပြည်ပရောက်အစိုးရ၏ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ US Campaign for Burma မှ ဦးအောင်ဒင်၊ ကရင်အမျိုးသား အစည်းအရုံးမှ နော်ဇီဖိုးရာစိန်၊ Mae Tao ဆေးခန်းကို တည်ထောင်သူ ဒေါက်တာစင်သီယာမောင်၊ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအဖွဲ့ မှ ဦးဘိုကြည်နှင့် ဦးတိတ်နိုင်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ မှ ဦးအောင်မိုးဇော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF) မှ ခေါင်းဆောင်ဟောင်းများ ဖြစ်ကြသည့် ဦးမိုးသီးဇွန် နှင့် ဒေါက်တာ နိုင်အောင် တို့ကိုလည်း ဦးသိန်းစိန်၏ အစိုးရလက်ထက်တွင်အ မည်မည်းစာရင်းမှ ပယ် ဖျက်ပေးခဲ့သည်။

သို့သော် ဖြေလျှော့ပေးခံရသူအချို့ကို Blacklist စာရင်းတွင် ပြန်လည် ထည့်သွင်းမှုများ ပြုလုပ်ခဲ့သည်ဟုလည်း လူ့ဘောင်သစ်ပါတီမှ ဦးအောင်မိုးဇော်က ပြောသည်။ ယခုကဲ့သို့ သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ဦးဆောင်သည့် လက်ရှိအစိုးရ၏ ဆောင်ရွက်ချက်ကို သူ့အနေဖြင့် ကြိုဆိုသော်လည်း ယခုကဲ့သို့ နိုင်ငံအတွက် အရေးပါသည့် အချိန်တွင် ပြည်ပရောက် တက်ကြွလှုပ်ရှားသူအားလုံးကို ကြိုဆိုကာ တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် ပါ၀င်ဆောင်ရွက်ပေးခွင့် ပြုသင့်သည်ဟု ဆိုသည်။

“နိုင်ငံရေးယုံကြည်မှုအရ Blacklist အသွင်းခံထားရတဲ့သူတွေ အားလုံးကိုတော့ (အစိုးရအနေနဲ့) ခြွင်းချက်မရှိ ပယ်ဖျက်ပေးသင့်ပါတယ်” ဟု ဦးအောင်မိုးဇော်က ဧရာဝတီကိုပြောသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် အခြေစိုက်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်း ၄၀ ကျော်မှ ကိုယ်စားလှယ် ၆၀ ခန့်က ဇူ လိုင်လ ၂၅ ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့် ပေးစာတစောင် ပေးပို့ ပြီး Blacklist စာရင်းတွင် ပါ၀င်နေဆဲဖြစ်သူများ၏ စာရင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးရန်၊ သူတို့၏ မူလ နိုင်ငံသားအခွင့်အရေးများ ပြန်လည်ရရှိရေးအတွက် တိကျသောလမ်းညွှန်မှုများပေးရန်နှင့် ၎င်းတို့ကို နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ပါ၀င်ခွင့်ပြုရန်တို့ကို ထည့်သွင်းတောင်းဆိုခဲ့သည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ဦးဆောင်အဖွဲ့ဝင်တဦးဖြစ်သော ဒေါ်သွယ်ဇင်တိုးက တက်ကြွလှုပ်ရှားသူများသည် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တို့အတွက် အထောက်အပံ့ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ အဆိုအရ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများသည် နိုင်ငံ ၂ ခုတွင် တပြိုင်တည်း နိုင်ငံသားအဖြစ် ခံယူထားခြင်းကို ခွင့်မပြုသည့် အတွက် ၄င်းတို့၏ မူလနိုင်ငံသား ပြန်လည်ခံယူလိုသူများ အနေဖြင့် အခြားနိုင်ငံတခုခုတွင် နိုင်ငံသားအဖြစ် ခံယူထားခြင်းမျိုးရှိပါက လက်ရှိခံယူထားသည့် နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီးမှသာ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားနိုင်လိမ့်မည် ဖြစ်ကြောင်းပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading