သတင်း

ရှမ်းနှင့်ဗမာလူငယ်ကိုယ်စားလှယ်များ လူမျိုးရေးမုန်းတီးမှုလျော့ကျရေး ပူးပေါင်းဆောင်ရွက်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံသို့ တက်ရောက်လာသည့် ရှမ်းတိုင်းရင်းသား လူငယ် ကိုယ်စားလှယ်များနှင့် ဗမာတိုင်းရင်းသား လူငယ်ကိုယ်စားလှယ်များ အကြား လူမျိုးရေး မုန်းတီးမှု လျော့ကျရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက် ညီလာခံပြီးချိန် ညနေ ၅ နာရီခွဲ အချိန်တွင် ရှမ်းတိုင်းရင်းသား လူငယ်ကိုယ်စားလှယ်များနှင့် ဗမာ တိုင်းရင်းသား လူငယ်ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံပြီးနောက် ယခုကဲ့သို့သော သဘောတူညီမှုများ ရရှိခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံမှုကြောင့် တိုင်းရင်းသားလူငယ်များ အကြား အချင်းချင်း နားလည်မှုရရှိကာ ယုံကြည်မှုတခု ရရှိသွားကြောင်း ဗမာ တိုင်းရင်းသား လူငယ်ကိုယ်စားလှယ် ကျော်ကိုရှိန်က ပြောသည်။

“အာဏာရှင်စနစ်ကြောင့် သွေးခွဲထားမှုတွေကို ခင်ဗျားတို့ ကျနော်တို့ကနေ တဆင့် ကြိုးစားရမှာပေါ့။ Culture exchange လို့ခေါ်မလား။ ဥပမာ ကျနော်တို့ အညာဒေသကို ဒီက ရှမ်းတွေကို ခေါ်သွားမယ်။ ကျနော်တို့ Workshop ဖြစ်ဖြစ် လုပ်မယ်။ ခင်ဗျားတို့ကလည်း ကျနော်တို့ရဲ့ ဗမာဆိုတာ လုံးဝ မမြင်ဖူးတဲ့နေရာကို ခေါ်သွားမယ်။ အခြေအနေတွေကို သိသွားကြမယ်။ culture exchange ဆိုတာက လောလောဆယ် ကျနော်တို့ ရှမ်းနဲ့ဗမာနဲ့လုပ်ဆောင်နိုင်တဲ့ ထိရောက်တဲ့လုပ်ဆောင်မှုပဲ” ဟု ရှမ်းတိုင်းရင်းသား လူငယ်ကိုယ်စားလှယ် စိုင်းဆိုင်လင်းက ပြောသည်။

နောက်ပိုင်းကာလတွင် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကို ရန်ကုန်၊ နေပြည်တော်တို့တွင်သာ မပြုလုပ် ဘဲ ပြည်နယ်များတွင် လာရောက်လုပ်ကိုင်ပြီး ဗမာလူငယ်များ အနေဖြင့် ကိုယ်တိုင် ဒေသတွင်း အခြေအနေများကို လာ ရောက် လေ့လာစေလိုကြောင်း၊ ဗမာလူငယ်များ လုပ်မည့် ဆွေးနွေးပွဲများသို့လည်း လာရောက်အားဖြည့်ချင်ကြောင်း ရှမ်းလူငယ် ကိုယ်စားလှယ်များက ပြောသည်။

ဗမာလူငယ် ကိုယ်စားလှယ်များဘက် ကလည်း ဖိတ်ခေါ်သည်ဆိုပါက သွားရောက်ရန် အဆင်သင့် ရှိကြောင်း ကိုကျော်ကိုရှိန်က ပြောသည်။

သူက “ကြိုဆိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့က လာရ ကောင်းမှန်းလည်း မသိဘူး။ ဗမာတွေ အနေအထားက အဲလိုဖြစ်နေတာ။ အခုလိုဖိတ်မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း လာဖို့အဆင်သင့်ပဲ။ ကြိုးလည်းကြိုး စားမယ်” ဟု ဆိုသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် မကွေးတိုင်းဒေသကြီး၊ ပတန်းတိုက်နယ်ရွာ၌ ပြုလုပ်မည့် ဗိုလ် ချုပ်ကြေးရုပ်တု ဖွင့်ပွဲတွင် ရှမ်းတိုင်းရင်းသား အပါအဝင် တခြားသော တိုင်းရင်းသား ၃ မျိုးခန့်ကို ဖိတ်ခေါ်ကာ ပင်လုံစာ ချုပ်အကြောင်း၊ ပြည်ထောင်စုအကြောင်းကို ဟောပြောဆွေးနွေးရန် စိတ်ကူးထားကြောင်း ကိုကျော်ကိုရှိန်က ပြောသည်။

ဆက်လက်၍ ၎င်းက ဗမာလူမျိုးများသည် ဗိုလ်ချုပ်ကို ချစ်မြတ်နိုးသည့်စိတ်ဖြင့် ဗိုလ်ချုပ်ကြေးရုပ်ကို အသီးသီး ပြုလုပ်နေကြသော်လည်း တကယ့် အနှစ်သာရ ဖြစ်သည့် ဗိုလ်ချုပ် ဆောင်ရွက်ခဲ့သည့် ပင်လုံစာချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဗိုလ်ချုပ်နှင့် တိုင်းရင်းသားများ အကြား ထားရှိခဲ့သည့် ကတိကဝတ်များ စသည်တို့ကို ရှမ်းတိုင်းရင်းသားများ အပါအဝင် တခြားတိုင်းရင်းသားများ ကိုယ်တိုင် ပါဝင် ဟောပြောဆွေးနွေးခြင်းဖြင့် ပိုမိုအနှစ်သာရပြည့်ဝသည့် ပြည်ထောင်စုနေ့ ဖြစ်စေချင်၍ စီစဉ်ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။

အပြန်အလှန် ဖိတ်ခေါ်မှုပေါ်တွင် ရှမ်းတိုင်းရင်းသား လူငယ်များ ကိုယ်စားလှယ် စိုင်းလွိုင်ခမ်းပန်က “တခါတလေ ကျရင် ကျနော်တို့ဆဲနေကြတာ အကြောင်းရင်းမသိဘဲ ဆဲနေကြတာ။ ဒါက ပိုပြီး ပဋိပက္ခဖြစ်စေတယ်လေ။ နှလုံးသားတွေပို ဝေးသွားစေတယ်ပေါ့ဗျာ။ ကျနော်တို့လည်းဖြစ်နိုင်ရင် အဲဒီဘက်မှာရှိတဲ့ လှုပ်ရှားမှုတွေမှာ တတ်နိုင်သမျှ ပါဝင်အားဖြည့်ချင် ပါတယ်။ ဒီဘက်မှာရှိတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်အားဖြည့်ချင်တယ်ဆိုရင် ကျနော်တို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။

တိုင်းရင်းသားလူငယ်ညီလာခံတက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်အဖွဲ့များသည် ချစ်ကြည်ရင်းနှီးမှု၊ နားလည် ယုံကြည်မှု ပိုမိုရရှိစေရန် ညီလာခံဆွေးနွေးပွဲပြီးချိန်တွင် အလွတ်သဘောတွေ့ဆုံမှုများကို အသီးသီးပြုလုပ်ကြကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading