အစိုးရဝန်ကြီးဌာနများက အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကြံပြုချက်များကို လိုက်နာစေအောင် ပြုလုပ်မှုနှင့် ကြီးကြပ်စောင့်ကြည့်ခြင်းတို့ အားနည်းခြင်းကြောင့် ညံ့ဖျင်း သော မှတ်တမ်းကို ထောက်ပြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အပြင်းအထန် ဝေဖန်လိုက်သည်။
ကော်မရှင်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအပါအဝင် အကျဉ်းသားအခွင့်အရေး မြှင့်တင် ကာကွယ်မှု အားနည်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို ကော်မရှင်၏ သီးခြားဦးဆောင်မှုဖြင့် စုံစမ်းစစ်ဆေးရန် စိတ်အားထက်သန်မှု မရှိခြင်းစသည့်အချက်များကိုလည်း လွှတ်တော်ကိုယ်စားလှယ်များက မီးမောင်းထိုးပြခဲ့သည်။
ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးတို့က လူ့အခွင့်အရေး ကော်မရှင်ဥက္ကဌအနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တနင်္လာနေ့က တင်သွင်းခဲ့သော ၂၀၁၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ စက်တင်ဘာလက သမ္မတဟောင်းဦးသိန်းစိန်၏ အမိန့်များအရဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်မူ ဝန်ကြီးဌာနများအနေဖြင့် ကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်ခြင်းကို ရက်ပေါင်း ၃၀ အတွင်း ကော်မရှင်သို့ပြန်လည်အစီရင်ခံရန် ပိုမိုတင်းကျပ်သည့်စည်းမျဉ်းများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ကော်မရှင်တွင် လတ်တလောအဖွဲ့ဝင် ၁၁ ဦးပါပြီး (၁၅ ဦးမှ လျှော့ချထားသည်) အစိုးရဝန်ထမ်းဟောင်းများ၊ စစ်အရာရှိဟောင်းများ၊ ပါမောက္ခဟောင်းများနှင့် သံအမတ်ဟောင်းများ ဖြစ်ကြသည်။
ကော်မရှင်သည် အစိုးရနှင့် စစ်ဘက်အရာရှိများအား အလုပ်ရုံဆွွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ ရပ်ရွာအတွင်း ကွင်းဆင်းပညာပေးခြင်း၊ အကျဉ်းထောင်စံနှုန်းများကို ကြီးကြပ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းလက်ခံရရှိပါက စုံစမ်းစစ်ဆေးမှုခြင်းတို့ကို လုပ်ဆောင်သည်။ သို့သော် လူမှုအခြေပြုအဖွဲ့အစည်းများမှ ဝေဖန်သူများကမူ ထိုလက်ခံရရှိသော ချိုးဖောက်မှု အများစုမှာ ကိုင်တွယ်ဖြေရှင်းမရဖြစ်နေသည်ဟု ပြောနေကြသည်။
“ကော်မရှင်က ၂၀၁၅ ခုနှစ်မှာ တိုင်ကြားစာ ၁၂၈၇ စောင်လက်ခံရရှိတယ်လို့ သိရတယ်။ ဒါပေမယ့် လူမျိုးစုဒေသတွေအပါအဝင် တနိုင်ငံလုံးမှာ လူ့အခွင်အရေးချိုးဖောက်မှုက ဒီထက်မကဘူးလို့ သိရတယ်” ဟု ဆုရ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူနှင့် ၂၀၁၄ အောက်တိုဘာလက မွန်ပြည်နယ်တွင် စစ်တပ်က ထိန်းသိမ်း ထားစဉ်သေဆုံးခဲ့ရသော သတင်းထောက် ကိုပါကြီး၏ ကျန်ရစ်သူဇနီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြောသည်။
ခင်ပွန်းသည်သေဆုံးမှုနှင့်ပတ်သက်၍ တပ်မတော်သား ၂ ဦးကို စစ်ခုံရုံးတွင် တရားစွဲဆိုခဲ့သည်ဟုဆိုသော်လည်း ၂၀၁၅ မေလတွင် တရားသေ လွှတ်ပေးခဲ့သည်။ သမ္မတဦးသိန်းစိန်က အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အမိန့်ပေးခဲ့ပြီး ပြုလုပ်ခဲ့သော ကော်မရှင်၏က အစီရင်ခံခဲ့သော တွေ့ရှိချက်များသည် လုပ်ကြံဇာတ်လမ်းများသာ ဖြစ်သည်ဟု ဒေါ်သန္တာက ပြောခဲ့သည်။
ကော်မရှင်သည် ၎င်းတို့၏ အကြံပြုချက်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနများကို နောက်ဆက်တွဲ စိစစ်ရာတွင် အားနည်းသည်ဟု ကြာသာပတေးနေ့က လွှတ်တော်အစည်းအဝေးတွင် ဒေါ်သန္တာက ပြောသည်။
၂၀၁၄ ခုနှစ်က ကော်မရှင်၏ သီးခြားစုံစမ်းစစ်ဆေးမှု အကြံပြုချက် ၁၉ ချက်သည် ကာကွယ်ရေးနှင့် ပြည်ထဲရေးအပါအဝင် ဝန်ကြီးဌာနများအတွက် ရည်ရွယ်သော်လည်း မည်သည့်ဝန်ကြီးဌာနများသည် ၎င်းတို့ကို ပွင့်လင်းစွာ တုန့်ပြန်ဆောင်ရွက်ရန် ပျက်ကွက်သည်ကို ထုတ်ပြန်ခြင်းမရှိဟု ဒေါ်သန္တာက ပြောသည်။
ကော်မရှင်သည် အစိုးရဝန်ကြီးဌာနများကို လိုအပ်သော ဖိအားပေးသည်ကို မတွေ့ရကြောင်းနှင့် ကော်မရှင်သည် လွတ်လပ်သည်ဟု ပြောဆိုနေခြင်းကို အကြီးအကျယ် သံသယဖြစ်ရသည်ဟုလည်း ဆိုသည်။
စစ်ကိုင်းတိုင်းမှ အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ကိုပါကြီးသတ်ဖြတ်ခံရမှု၊ ၂၀၁၄ ခုနှစ်က စစ်ကိုင်းတိုင်းမှ လက်ပံတောင်း ကြေးနီမိုင်းက ဒေါ်ခင်ဝင်းကို ရဲက အသေပစ်သတ်မှု၊ ၂၀၁၅ ခုနှစ် အစောပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် ကချင်ကျောင်းဆရာမ ၂ ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရမှုအပါအဝင် တရားမျှတမှုကို မဖော်ဆောင်ပေးနိုင်ခဲ့သည့် အမှုကြီးများကိုထောက်ပြပြီး မြန်မာ့တပ်မတော်ကို အပြစ်တင်ခဲ့သည်။
ဤသို့ တရားမဲ့ ကျူးလွန်နေမှုမျိုးကို အဆုံးသတ်ရန် သူက တောင်းဆိုပြီး “ဘယ်သူမှ ဥပဒေအထက်မှာ မရှိအောင် လုပ်ရမယ်”ဟု ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များက ကော်မရှင်တွင် လူ့အခွင့်အရေးကို နားလည်ပြီး ပြည်သူ့ဘက်မှ ရပ်တည်သူများ ပိုမိုထည့်သွင်းရေးကို အကြံပြုသည်။ ယင်းသည် အစိုးရဝန်ထမ်းဟောင်း အများအပြားပါဝင်သော လက်ရှိကော်မရှင်အဖွဲ့ဝင်များကို အယုံအကြည်ကင်းမဲ့မှုကို ဖော်ပြနေသည်။
ထိုလွှတ်တော်အစည်းအဝေးအတွင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဌ ဦးဝင်းမြက လွှတ်တော်၏ အကြံပြုချက်များကို အလေးအနက် လက်ခံပြီး လာမည့်နှစ်တွင် ပြည်ထောင်စုလွှတ်တော်သို့ ပိုမိုကျယ်ပြန့်သော အစီရင်ခံစာတင်မည်ဟု ကတိပြုသည်။
ကော်မရှင်ဥက္ကဌက ၎င်းတို့၏ အကြံပြုချက်များနှင့်ပတ်သက်၍ အစိုးရဝန်ကြီးဌာနများ၏ လိုက်နာမှု ချို့ယွင်းခြင်းမှာ လက်ရှိ ၎င်းတို့၏ လုပ်ပိုင်ခွင့် အကန့်အသတ်များကြောင့်ဟု အလေးထား ပြောဆိုသည်။ ကော်မရှင်ရဲ့အခန်းကဏ္ဍသည် အကြံပေးရုံသက်သက်ဟု သူက ပြောသည်။
“တိုင်စာတွေရတဲ့အခါ ကျနော်တို့ စစ်ဆေးပြီး တွေ့ရှိချက်တွေကို သက်ဆိုင်ရာအစိုးရဌာနကို ပေးတယ်။ ရက် ၃၀ အတွင်း မတုန့်ပြန်ရင် သူတို့ကို ဖိအားပေးတယ်။ ဒါကိုတော့ အစီရင်ခံစာထဲမှာ ဖော်ပြမထားပါဘူး” ဟု ကော်မရှင်ဥက္ကဌက ပြောသည်။
ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း သူကဝန်ခံပြီး အကြံပြုချက်များ၏ ၂၃ ရာခိုင်နှုန်းကိုသာ ဝန်ကြီးဌာနများက တလအတွင်း တုန့်ပြန်ခဲ့သည်ဟု ပြောသည်။ ကျန်အကြံပြုချက်များ၏ ၃၂ ရာခိုင်နှုန်းကို ရက်ပေါင်း ၉၀ အတွင်းရပြီး စာအစောင် ၁၀၀ ကျော်မှာ လုံးဝတုန့်ပြန်မှုမရဟု သူက ပြောသည်။
ဦးဝင်းမြက ဝေဖန်မှုများသည် ပြင်းထန်သော်လည်း ကော်မရှင်ကို အနာဂတ်တွင် ပိုမိုကြံ့ခိုင်စေမည်ဟုပြောပြီး လွှတ်တော်၏ ယခုဆွေးနွေးမှုများကြောင့် ဝမ်းသာမိသည်ဟု ဆိုသည်။
ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က မကြာသေးမီက ကချင်ပြည်နယ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူများကို စွဲချက်တင်ရန် တိုက်တွန်းသည်။
ဤအမှုများတွင် မေလက ဖားကန့်မြို့နယ် ဆိုင်တောင်ကျေးရွာမှ ကျေးရွာအုပ်စု အုပ်ချပ်ရေးမှူးဒေါ်နန္ဒာလှိုင်ကို လူ ၃ ဦးက သတ်ဖြတ်မှု၊ ဇွန်လတွင် ကချင်ကျောင်းသားဂွမ်ဆန်းအောင်ကို ပြည်နယ်မြို့တော်မြစ်ကြီးနားတွင် တပ်မတော်သားများက ပစ်ခတ်သဖြင့် သေဆုံးမှုနှင့် ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှုများတွင် ကျောက်ရှာသူများ သေဆုံးရမှုများ ပါဝင်သည်။