သတင်း

ကျန်းမာရေးကဏ္ဍ မူဝါဒအမှားများအပေါ် ကန့်ကွက်သည့် ဖဲကြိုးပြာ လှုပ်ရှားမှု ပြုလုပ်နေ

This article has been converted from Zawgyi One to Unicode

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ စီမံခန့်ခွဲမှုများနှင့် မူဝါဒအမှား များအပေါ် ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုးပြာလှုပ်ရှားမှု (Blue Ribbon Campaign) ကို ကျန်းမာ ရေးမှူးများ ဦးဆောင်ကာ လုပ်ဆောင်နေကြာင်း သိရသည်။

ကျန်းမာရေးမှူးများကို ဌာနရွှေ့ပြောင်းခြင်း၊ အခြားကဏ္ဍရှိ လူများကို ကျန်းမာရေး ကဏ္ဍတွင်း ခန့်အပ်ခြင်းနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ လုပ်ဆောင်နေသူများမှာ လွတ်လပ်စွာ ပညာသင်ကြားခွင့် မရရှိကြသဖြင့် ကန့်ကွက်လှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း ကျန်းမာရေးမှူးဟောင်း၊ ဖဲကြိုးပြာလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ဦးကျော်ဇင်က ပြောသည်။

ဦးကျော်ဇင်က “ဝန်ကြီးဌာနအတွင်း မှားယွင်းနေတဲ့ စီမံခန့်ခွဲမှုတွေကို ပြောင်းလဲစေချင်တာ။ ဒါဟာ လူတန်းစားတရပ်အတွက် မဟုတ်ဘဲ ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှု ပိုမို အကျိုး ဖြစ်ထွန်းနိုင်အောင်ပါ။ အခွင့်အလမ်းတွေကို အကြောင်းအမျိုးမျိုးနဲ့ တားဆီးထား သလိုပါပဲ” ဟု ဧရာဝတီသို့ပြောသည်။

ဖဲကြိုးပြာလှုပ်ရှားမှုကို လူမှုကွန်ရက် စာမျက်နှာများတွင် ဇူလိုင် ၂၅ ရက်က စတင်ကာ လှုပ်ရှားခဲ့ပြီး ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးမှူးများ၊ အခြေခံ ကျန်းမာရေးဝန်ထမ်းများ နှင့် ပြည်သူတချို့ ပါဝင် လုပ်ဆောင်လျက်ရှိသည်။

ကျန်းမာရေး ဝန်ကြီးဌာနက၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်း၌ ကျန်းမာရေးမှူး ၄၄ ဦးကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် စွမ်းအင် ဝန်ကြီးဌာနသို့ ရွှေ့ပြောင်းခဲ့ခြင်း၊ ဌာနတွင်း မတူညီသည့် ကဏ္ဍများမှ ဝန်ထမ်းများကို လက်ထောက်ကျန်းမာရေးမှူး ရာထူးများ ပေးအပ် ခန့်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖဲကြိုးပြာ လှုပ်ရှားသူများက ပြောဆိုကြသည်။

ပြည်သူ့ကျန်းမာရေး ကဏ္ဍ ဝန်ထမ်းများ၏ လိုအပ်ချက်၊ တောင်းဆိုချက်များ ဘုံသဘောတူညီမှု ရရှိရေး အတွက် တိုင်းနှင့်ပြည်နယ်များတွင် ညီလာခံများကို သြဂုတ်လအတွင်း အပြီး ပြုလုပ်ကာ ရရှိလာသည့် အချက်များ အပေါ် အခြေခံ၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ကလည်း စစ်ဘက်ဆိုင်ရာ အရာရှိတချို့ကို ကျန်းမာရေး ဝန်ကြီးဌာနတွင် တိုက်ရိုက်ခန့်အပ်မှုကြောင့် ဆရာဝန်များက ဖဲကြိုးနက် လှုပ်ရှားမှု တရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ ကန့်ကွက်လှုပ်ရှားမှုကြောင့် စစ်ဘက်ဆို်င်ရာ အရာရှိများကို ခန့်အပ်ခြင်း မလုပ်ဆောင်တော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးက မီဒီယာများသို့ ပြောကြားခဲ့သည်။

Loading