သတင်း

၂၁ ရာစု ပင်လုံတွင် အားလုံးပါဝင်ရေးမူ အကောင်အထည် ဖော်ရန် မိုင်းလား အဖွဲ့တိုက်တွန်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၁ ရာစု ပင်လုံ ညီလာခံတွင် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ပါဝင်လာရန် အစိုးရက ဖိတ်ခေါ်၍ အားလုံး ပါဝင်ရေးမူကို အကောင်အထည် ဖော်ရန် အထူးဒေသ (၄) မိုင်းလားအဖွဲ့ (NDAA)က တိုက်တွန်း ပြောဆိုလိုက်သည်။

ယနေ့ ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ NDAA ၏ ငြိမ်းချမ်းရေးနှင့် ရေးကော်မတီ နှင့် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အစိုးရ၏ ငြိမ်းချမ်းရေးကော် မရှင် တို့ ၂၁ ရာစု ပင်လုံ ညီလာခံနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးရာတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

မိုင်းလားအဖွဲ့ က ၎င်းတို့အနေဖြင့် သြဂုတ်လကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော ၂၁ရာစု ပင်လုံညီလာခံကို စိတ်ဝင် စားပြီး ပါဝင် တက်ရောက်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဟု အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောပြသည်။

ထို့အပြင် လက်နက်စွန့်ကြောင်း ကြေညာချက်ထုတ်မှ  ပါဝင်ရမည်ဟု တပ်မတော်က ပြောဆိုထားသည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကို ၂၁ရာစု ပင်လုံ ညီလာခံတွင် ပါဝင် စေလိုကြောင်း၊ အစိုးရအနေဖြင့် ပါဝင်နိုင်ရေး ဆောင်ရွက်ပေးရန်၊ မိုင်းလားအဖွဲ့ကလည်း အဆိုပါ ၃ ဖွဲ့ကို တိုက်တွန်းမှုများ ပြုလုပ်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်းလည်း ဦးခင်ဇော်ဦးက ပြောသည်။

ဦးခင်ဇော်ဦးက “ကျနော်တို့ကို ဖြစ်နိုင်ရင် သူတို့တွေ (MNDAA၊ TNLA ၊ AA ) ကိုလည်း ပါဝင်လာနိုင်အောင် ခေါ်ဆောင် ပေးပါလို့ သူတို့ (မိုင်းလား)က ပြောပါတယ် “ ဟု ဧရာဝတီကို ပြောသည်။

ငြိမ်းချမ်းရေး ကော်မရှင်က မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ဖြစ်သော MNDAA ၊ TNLA နှင့် AA တို့ကို ညှိနှိုင်းနေဆဲ ဖြစ်ပြီး ထပ်မံတွေ့ဆုံရန် စီစဉ်နေသည် ဟုလည်း ဦးခင်ဇော်ဦးက ဆိုသည်။

မိုင်းလားအဖွဲ့ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့် ကလည်း “ ကျနော်တို့ ဒါကို ပါဝင်မယ်။ ကောင်းတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားလုံး ပါဝင်ရေးမူကို အပြည့်အဝ ထောက် ခံ တယ်။ အားလုံး ပါဝင်ဖို့ကိုပေါ့ “ ဟု ဧရာဝတီကို ပြောသည်။

ထို့အပြင် ဦးကြည်မြင့်က အစည်းအဝေးတွင် ၎င်းတို့အဖွဲ့ ၂၁ရာစု ပင််လုံညီလာခံတွင် တက်ရောက် နိုင်ရေး အတွက် အချက် အလက် များကို တင်ပြထားသည်ဟုလည်း ပြောပြသည်။

မိုင်းလားအဖွဲ့က အစည်းအဝေးတွင် ၂၁ရာစု ပင်လုံညီလာခံ ကိစ္စရပ်များအပြင် နိုင်ငံရေး ၊ စီးပွားရေး၊ လုံခြုံရေး၊ သယံဇာတ နှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ် ၅ ခုအပေါ်တွင် ၎င်းတို့၏ သဘောထားများကို အစိုးရဘက်သို့ တင်ပြသွားသည်ဟု လည်း ဆိုသည်။

နိုင်ငံရေးအချက်နှင့် ပတ်သက်၍ မိုင်းလားအဖွဲ့က ၎င်းတို့၏ နိုင်ငံရေးမူတွင် ပြည်ထောင်စုမှ ခွဲမထွက် ဟူသည့် မူကို ဆက်လက် ဆုပ်ကိုင်မည်ဟု ဆိုပြီး စီးပွားရေးပိုင်းတွင် သယံဇာတများကို နိုင်ငံတော်မှ ပိုင်ဆိုင်သည်ဟု ယူဆပြီး အဆိုပါ သယံဇာတများကို ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြန်လည် အသုံးချသည့် အခါ တိုင်းရင်းသား အားလုံး တန်းတူရည်တူ အကျိုးခံစားခွင့် ရှိရမည်ဟု ၎င်းတို့က ထင်မြင်ယူဆကြောင်းနှင့် အခွန်အခများကို စနစ်တကျ စီမံခန့်ခွဲသင့်ကြောင်း သဘောထားရှိသည်ဟု သိရသည်။

လုံခြံုရေးကိစ္စအပေါ်တွင်လည်း နိုင်ငံတော်လုံခြံုရေးပိုင်းတွင် ၎င်းတို့ မိုင်းလားအဖွဲ့ အပါအဝင် တိုင်းရင်းသား အားလုံးတွင် တာဝန် ရှိကြောင်း တင်ပြခဲ့သည်ဟု ဦးခင်ဇော်ဦးက ပြောသည်။

မြေယာ နှင့်ပတ်သက်၍ နိုင်ငံတော်တွင် ပြဌာန်းထားပြီးဖြစ်သည့် မြေယာ မူဝါဒကို နိုင်ငံသားတိုင်းက တိကျစွာ လိုက်နာ သင့်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်း သင့်ကြောင်း၊ မိုင်းလားအဖွဲ့ ကလည်း ထိန်းသိမ်းနေကြောင်း ပြောဆို ခဲ့သည်ဟုလည်း သိရသည်။

ဆက်လက်ပြီး ဦးခင်ဇော်ဦးက “လူ့အဖွဲ့အစည်းပိုင်း ဆိုင်ရာမှာတော့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးဖို့ လူသား အားလုံးရဲ့ လွတ်လပ်စွာကိုးကွယ်ခွင့် ယုံကြည်ခွင့်တွေကို ခွင့်ပြုပေးဖို့ ဆိုတဲ့ အချက်များကို တင်ပြပါတယ်။ ဆွေးနွေး ကြပါ တယ် “ ဟု ပြောသည်။

မိုင်းလားအဖွဲ့သည် ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူထားပြီး အထူးဒေသ (၄) အဖြစ် သတ်မှတ်ပေးထားသည်။

မိုင်းလားအဖွဲ့ အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားမြို့၊ မိုင်းယန်းမြို့ရှိ ဆီလူးဒေသ နှင့် မိုင်းယောင်းမြို့ရှိ နမ့်ပန်း ဒေသတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသည်။

သမ္မတဦးသိန်းစိန် လက်ထက်တွင်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အသစ်အဖြစ် ပြည်ထောင်စု အဆင့်အထိ ပဏာမ အပစ်ရပ်စာချုပ် ချုပ်ဆို ဆွေးနွေးထားသည့် အဖွဲ့ဖြစ်သည်။

ဇူလိုင် ၂၉ ရက် နံနက်ပိုင်းကလည်း မိုင်းလား အဖွဲ့သည် ၂၁ရာစု ပင်လုံညီလာခံတွင် ပါဝင်နိုင်ရေးအတွက် နေပြည်တော် တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading