မန္တလေးမြို့၊ မျက်ပါးရပ်မှ ရွှေဆိုင်းလုပ်ငန်းများ အရှုံးနှင့်ရင်ဆိုင်နေရပြီး လုပ်ငန်းတချို့ ရပ်နားထားရကြောင်း ရွှေဆိုင်းလုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။
အကြောင်းအရင်းမှာ လပိုင်းအတွင်း ပြည်တွင်း ရွှေစျေးကွက်တွင် ၁ ကျပ်သားလျှင် ကျပ် ၈ သိန်းကျော်ထိ မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
“ရွှေဆိုင်းလုပ်ငန်းကို လက်ခံတဲ့အခါ ပေါက်စျေးနဲ့လက်ခံလို့မရဘူး၊ အခုလို မထင်မှတ်ဘဲ ရွှေစျေးတွေ ထိုးတက်သွားတော့ လုပ်ငန်းရှင်အချို့ ရပ်နားရတဲ့အထိ ဖြစ်ကုန်ရတယ်။ တင်ဒါစနစ်ဆိုတော့ မူလ လက်ခံထားတဲ့ စျေးနှုန်းတွေအတိုင်း လုပ် ပေးရတယ်။ ရွှေစျေးတွေက အတက်ကနေ ပြန်မကျသေးတော့ ရွှေကို ကြိုဝယ်ထားတဲ့သူတွေတောင် ထိတယ်ဆိုတော့ ကြိုဝယ်မထားနိုင်တဲ့ လုပ်ငန်းရှင်တွေဆိုရင် ပြောမနေပါနဲ့တော့။ လုပ်ငန်းတွေ နားရတော့ အလုပ်သမားတွေပါ ထိကုန်ရောပေါ့” ဟု မျက်ပါးရပ်မှ ရွှေနှင်းဆီ ရွှေဆိုင်းလုပ်ငန်းရှင် ဦးအောင်ကျော်မြင့်က ပြောသည်။
ရွှေဆိုင်းလုပ်ငန်း၏ အဓိကစျေးကွက်သည် နိုင်ငံတစ်ဝှမ်းလုံးရှိ ဘုရား၊ စေတီ၊ ပုထိုးများဖြစ်ပြီး ဂေါပကအဖွဲ့များက လေလံစနစ်ဖြင့် တင်ဒါခေါ်ယူကာ လိုအပ်သည့်ရွှေဆိုင်းများကို ဝယ်ယူကြခြင်းဖြစ်သည်။
တင်ဒါခေါ်ယူရာ တွင် ၃ လတကြိမ်၊ ၆ လ တကြိမ်နှင့် ၁ နှစ် ၁ ကြိမ် ခေါ်ယူလေ့ရှိပြီး ရွှေဆိုင်း ထုတ်လုပ်သူအများစုက တင်ဒါခေါ်ယူစဉ် ရွှေပေါက်စျေးနှင့် တင်ဒါ ပြီးဆုံးမည့်ကာလ ဖြစ်ပေါ်လာနိုင်မည့် ရွှေစျေးကို ခန့်မှန်းတွက်ချက်၍ လက်ခံလေ့ ရှိကြသော်လည်း ရွှေစျေးများ မြင့်တက်သွားသဖြင့် အရှုံးပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။
“ဘုရားတဆူမှာ တင်ဒါကို တယောက်ထဲ မလုပ်နိုင်ရင် ရှစ်ယောက်လောက်စုပြီး လေလံ ဆွဲတယ်။ အခေါက်ရွှေကို ကြိုဝယ်ပြီး လုပ်တဲ့သူတွေမှာ အရှှုံးပေါ်နေရင် ပေါက်စျေးနဲ့ ဝယ်ပြီး ရွှေဆိုင်း ထုတ်လုပ်သူတွေ ပိုဆိုးတယ်။ နှစ်စဉ် မိုးတွင်းမှာ အလုပ်ပါးတယ် ဆိုပေမယ့် ရွှေစျေးကြောင့် ရွှေဆိုင်းလုပ်ငန်းတွေ နားထားကြရတယ်။ ပုံမှန်သွားနေတာတောင် တစ်ခါတလေ အရင်း သာသာပဲ ရတဲ့အခါ ရှိတယ်၊ လက်ရှိကာလမှာတော့ အရှုံးက သိသိသာသာ ထိသွားတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ရွှေဆိုင်းလုပ်ငန်းကို မန္တလေးမြို့ရှိ မျက်ပါးရပ်မှသာ ထုတ်လုပ်ပြီး ရွှေဆိုင်းထုတ်လုပ်သူ လုပ်ငန်းရှင် ၁၀၀ကျော်နှင့် တနိုင်တပိုင်လုပ်ကိုင်သူ ၅၀ကျော် ရှိကြောင်း၊ ယခုအခါ ရွှေစျေးမြင့်တက်ခြင်းအပြင် တရုတ်နိုင်ငံမှ အဓိကဝင်ရောက်သည့် စက်ဖြင့်ပြုလုပ်သော ရွှေဆိုင်းများ စျေးကွက် ထိုးဖောက်ဝင်ရောက်လာခြင်းသည်လည်း လက်မှုရွှေဆိုင်းထုတ်လုပ်သူများအတွက် ထိခိုက်မှုတစ်ခုဖြစ်ကြောင်းသိရသည်။
“မြန်မာနိုင်ငံမှာ ရွှေဆိုင်းအများဆုံးအသုံးပြုတယ်လို့ ဆိုရမယ့် ရွှေတီဂုံစေတီတော်ကြီးကို အရင် အစိုးရ လက်ထက်က တရုတ်နိုင်ငံက စက်နဲ့ပြုလုပ်တဲ့ ရွှေဆိုင်းတွေကို ပြည်တွင်း လုပ်ငန်းရှင်တွေ မပေးနိုင်တဲ့စျေးမျိုးနဲ့ လေလံပေးလိုက်ခြင်းက လည်း လက်မှုပညာ ရွှေဆိုင်းလုပ်ငန်း လုပ်ကိုင်သူတွေကို ထိခိုက်နစ်နာမှုရှိခဲ့တယ်၊ ရွှေတိဂုံစေတီတော်လိုမျိုး ကျန်တဲ့ တန် ခိုးကြီးဘုရားတွေကိုလည်း တရုတ်နိုင်ငံက ရွှေဆိုင်းကို လေလံပေးတာမျိုး ရှိလာမယ်ဆိုရင် မြန်မာ့လက်မှုပညာ ရွှေဆိုင်း လုပ်ငန်းတွေ ပျောက်ကွယ်သွားနိုင်တယ်”ဟု မျက်ပါးရပ်ကွက်အတွင်းမှ တပိုင်တနိုင်ရွှေဆိုင်းလုပ်ငန်းရှင် တဦးက ပြောသည်။
မြန်မာ့ရွှေဆိုင်းများ ပြုလုပ်ရာတွင် ၁၆ ပဲရည် အခေါက်ရွှေကို အပြားခပ်၍ အသုံးပြုရပြီး ရွှေတစ်ကျပ်သားလျှင် ၂ လက်မ ပတ်လည်ဆိုဒ် ရွှေဆိုင်း ၂၂၀၀ ခန့် ရရှိသည်။
“ရွှေဆိုင်းလုပ်ငန်းရှင်တွေ ဘက်ကလည်း ပုံမှတ် သတ်မှတ်ထားတဲ့ စံထက် လျှော့ခပ်တာမျိုးတွေ ပြုလုပ်လာတဲ့အတွက် ရွှေဆိုင်းတွေပါးပြီး မှုန့်ကြေတာမျိုးတွေ ရှိလာတယ်။ သတ်မှတ်ထားတာက ရွှေဆိုင်းတခုမှာ ၂ လက်မ ပတ်လည် သတ်မှတ် ထားတာကို ၂ လက်မ မတ်တင်းတို့၊ တလက်မ ခြောက်မူးတို့အထိ ဝိတ်တွေကို လျှော့၊ ဆိုဒ်တွေကို လျှော့ပြီး တင်သွင်းတာ မျိုးတွေ လုပ်တာမျိုးတွေ ရှိတယ်။ အဲဒီလို လုပ်ငန်းရှင်တွေရှိလာတော့ တင်ဒါခေါ်တဲ့အခါမှာ သတ်မှတ် စံနှုန်းပြည့်မီရန် ဆိုတာကို ထည့်သွင်းထားပါတယ်”ဟု မန္တလေးမြို့၊ မဟာမြတ်မုနိရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ပြည်တွင်းရွှေစျေးသည် သြဂုတ် ၁ ရက်နေ့ က ကမ္ဘာ့ရွှေစျေး တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၄၇ နှင့် ပြည်တွင်းရွှေစျေးနှုန်း တကျပ်သားလျင် ငွေကျပ် ၈၄၄၀၀၀ ဖြစ်လာပြီး ပျှမ်းမျှ ကျပ်တသိန်းဝန်းကျင် မြင့်တက်လာကြောင်း သိရသည်။
“ရွှေဆိုင်းထုတ်တဲ့သူတွေမှာ ရွှေစျေးပဲ တွက်ရမယ်။ သူတို့မကိုက်ရင် မဖြစ်မနေ လုပ်ရမယ့်သူလောက်က ဆက်လုပ်ပြီး လုပ်ငန်းရှင်တချို့က ရပ်ထားကြမှာပဲ။ အလုပ်သမားခက ၂ နှစ်လောက်ကြာမှ တခါလောက် စျေးတက်တာဆိုတော့ ရွှေစျေးက အဓိကဖြစ်တယ်” ဟု ရွှေပြားခတ်သူ ကိုဝင်းမြင့်က ပြောသည်။