မကြာသေးမီက မိုးသည်းထန်မှုများကြောင့် ဧရာဝတီမြစ်ရေလျှံပြီး မြစ်ရေ ဆက်လက်မြင့်တက်နေသောကြောင့် ရေကြီးမည်ကို မန္တလေးဒေသခံများနှင့့် အာဏာပိုင်များ စိုးရိမ်နေကြသည်။ ထို့အတွက် ကြိုတင်ပြင်ဆင်နေကြသည်။
မန္တလေးတိုင်းအတွင်း မြစ်ရေမှာ စိုးရိမ်ရေအမှတ် ၂၃၀.၇၄ ပေထက် ၂ ပေမြင့်မားနေသည်။ ဒေသအာဏာပိုင်များက မြစ်ကမ်းတလျှောက် နေထိုင်ကြသူများကို ရွှေ့ပြောင်းပေးနေပြီး မြစ်ရေ ဆက်လက်တက်လာပါက ကယ်ဆယ်ရေးအဖွဲ့များ အသင့်ရှိရန် နှိုးဆော်ထားသည်။
မန္တလေးတိုင်း အမရပူရရှိ ဦးပိန်တံတားကို ရေကျော်နေသောကြောင့် တံတားကြံ့ခိုင်မှုအရ ဇူလိုင် ၃၁ ရက် ညပိုင်းမှ စတင်ပြီး ဖြတ်သန်းခွင့်ပိတ်ထားသည်။ ဦးပိန်တံတား တည်ရှိရာ တောင်တမန်အင်းရှိ တာရိုး ဇူလိုင် ၃၁ ရက် ညကစပြီး ၄နေရာ ကျိုးပေါက်ခဲ့သည်။
တောင်သမန်အင်းထဲ ရေဝင်ရောက်မှုများပြီး တာရိုးကျိုးမှာစိုး၍ ဩဂုတ် ၁ရက် မနက် ၁၀နာရီခွဲတွင် ရေထိန်းတံခါးကို ၆ ပေထိ စဖွင့်သည်။ နေ့လည်တွင် ၈ ပေထိ ဆက်ဖွင့်ခဲ့သောကြောင့် အင်းအရှေ့ဘက် နံသာရွာအတွင်း ရေ စတင်ဝင်ရောက်ခဲ့သည်။ တာရိုးများ ဒဏ်ခံနိုင်ရန် လမ်းတဘက်တချက် ရေ level ညီရန် လုပ်ဆောင်ခြင်းဟု မန်းစည်ပင်က ပြောသည်။
နံသာရွာမှာ လူဦးရေ ၃ ထောင်ဝန်းကျင်ခန့်ရှိသည်။ ရေဘေးကယ်ဆယ်ရေးများအတွက် မီးသတ်၊ ရဲ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များက ကြိုတင် နေရာယူပြင်ဆင်လျက် ရှိသည်။ မနေ့က ဩဂုတ် ၁ ရက် ည ၈နာရီခွဲတွင် ရေတံခါးပြန်ပိတ်လိုက်ကြောင်း မန်းစည်ပင်က ဆိုသည်။
ထိုအတောအတွင်း တိုင်းအစိုးရက အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်ဝန်းအတွင်း ရေဝင်လာပြီး အဆောက်အအုံများ ရေမြုပ်သောကြောင့် တက္ကသိုလ်ကို ပိတ်လိုက်သည်။ တက္ကသိုလ်အာဏာပိုင်များ၏ အဆိုအရ ကျောင်းဝန်းအတွင်းနေထိုင်ကြသော ဆရာ ဆရာမနှင့် ဝန်ထမ်း ၂၀၀ ခန့်မှာ သောက်သုံးရေနှင့် စားစရာများ လိုအပ်နေသည်။
လောလောဆယ် ဧရာဝတီမြစ်ရေသည် ၂၃၂.၈၇ ပေတွင် တန့်နေပြီး ရေထက်တက်မည်ကို စိုးရိမ်နေကြသည်။ အကယ်၍ ရေကြီးလျင် မန္တလေးတိုင်းတခုတည်းမှာပင် လူထောင်ချီ ရွှေ့ပြောင်းရမည်။
ထိုဒေသသည် ရေကြီးတတ်သော သမိုင်းရှိသည်။ ၂၀၀၃ ခုနှစ် မိုးရာသီက ပြင်းထန်သော ရေလွှမ်းမိုးမှုဒဏ်ကို မန္တလေးတွင် လူ ၃၅၀၀၀ ခံရပြီး ဦးပိန်တံတားလည်း အကြီးအကျယ် ပျက်စီးသွားသည်။ ၂၀၁၃ ခုနှစ်ကလည်း ဧရာဝတီမြစ်ရေသည် ၂၃၇ ပေသို့မြင့်တက်ကာ လူ ၂၀၀၀ ကျော်ရေဘေးဒဏ်ခံကြရသည်။
မန္တလေးမြို့အနီး အင်းဝနှင့် မင်းကွန်းသို့သွားသောလမ်းများမှာ ရေကျော်နေပြီး ဧရာဝတီမြစ်ကမ်းအနီး နေသူများကို နေရာရွှေ့ပြောင်းထားရသည်။
မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်းများမှ မြို့နယ်များတွင် မကြာသေးမီ ရက်သတ္တပတ်အတွင်း မြစ်ရေတက်ကာရေကြီးပြီး နိုင်ငံအဝှမ်းတွင် လူ ၅၀၆၁၃ ဦး ရေဘေးဒဏ်ခံရသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအရာရှိတဦးက တနင်္လာနေ့က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ထိုဝန်ကြီးဌာန၏အဆိုအရ မန္တလေးတွင် လူ ၂၅၀၀၀ ကျော်ကို ပြောင်းရွှေ့နေရာချထားရသည်။ စစ်ကိုင်းတိုင်းတွင် လူ ၁၃၄၀၀ ကျော်နှင့် မကွေးတိုင်းတွင် လူ ၁၂၀၀၀ ကျော်ကိုရွှေ့ပြောင်းပေးပြီးဖြစ်သည်။
ဧရာဝတီမြစ်သည် လာမည့် ရက်တွင် စစ်ကိုင်းတိုင်း မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာတို့တွင် ပိုမိုစိုးရိမ်ရသည့်အဆင့်သို့ မြင့်တက်လာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒဌာနက ကြေညာထားသည်။ ဧရာဝတီမြစ်ကမ်းမြေနိမ့်ဒေသတွင် နေထိုင်သူများကိုလည်း အထူးသတိပေးချက် ထုတ်ပြန်ထားသည်။