နိုင်ငံအဝန်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ လျော့ပါးစေရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မြောက်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက တိုက်တွန်းလိုက်သည်။
“အဂတိ လိုက်စားမှုများကို ထိရောက် မှန်ကန်စွာ ကိုင်တွယ်နိုင်ခြင်း မရှိပါက တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို မည်သည့် ကာလတွင်မှ ရရှိနိုင်မှာ မဟုတ်ပါ” ဟု ဒေါက်တာ သန်းဝင်းက လွှတ်တော်တွင် ပြောသည်။
လွှတ်တော်ကလည်း အထက်ပါ တိုက်တွန်းချက်ကို လက်ခံဆွေးနွေးရန် သဘောတူကြောင်း သိရှိရသည်။
နိုင်ငံအဝန်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး နယ်ပယ် အသီးသီးတွင် လာဘ်ပေး လာဘ်ယူမှု၊ အဂတိ လိုက်စားမှုများ ဖြစ်ပေါ်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုများ အတွက်လည်း ယင်းအကျင့်ပျက် ခြစားမှု၊ အဂတိ လိုက်စားမှုများသည် ကြီးစွာသော အနှောင့်အယှက် အဟန့်အတားများ ဖြစ်ပေါ်လျက် ရှိကြောင်း ဒေါက်တာ သန်းဝင်းက ပြောသည်။
“နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့အစည်းရဲ့ စစ်တမ်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၅ နိုင်ငံကို အဂတိ လိုက်စားမှုနှင့် ပတ်သက်၍ စံထား အဆင့်သတ်မှတ် လိုက်တဲ့အခါ မြန်မာနိုင်ငံရဲ့ အဆင့်က ၁၄၇ ဖြစ်နေတယ်။ အာဆီယံ နိုင်ငံတွေမှာလည်း မြန်မာနှင့် ကမ္ဘောဒီယား နိုင်ငံတို့က အဆိုးဆုံးပါ” ဟု သူက ပြောသည်။
၂၀၁၃ ခုနှစ် သြဂုတ်လတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့ကြောင်း၊ ၂၀၁၄ မတ်လ ရ ရက်တွင် တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သော်လည်း လက်တွေ့တွင် အလုပ်မဖျက်ခဲ့ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ယင်း ကော်မရှင်ထံသို့ တိုင်ကြားစာ အမြောက်အမြား ရရှိခဲ့သော်လည်း သက်သေခိုင်မာမှု မရှိဟုဆိုကာ တိုင်ကြားစာ အနည်းငယ်ကိုသာ အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာတို့၏ ပင်ကိုယ်စရိုက်အရ အားနာတတ်ခြင်း၊ စိုးရိမ်ကြောက်ရွှံ့ တတ်ခြင်းတို့ ရှိသဖြင့် တိုင်ကြားစာများမှာ သက်သေ မခိုင်မာခြင်း ဖြစ်ရကြောင့် လေ့လာတွေ့ ရှိရသည်ဟု ဒေါက်တာ သန်းဝင်းက ပြောသည်။
နိုင်ငံတော် အစိုးရအနေဖြင့် လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် လည်းကောင်း တိုင်ကြားစာများ မှန်ကန်မှု ရှိ၊ မရှိကို နည်းလမ်း အသွယ်သွယ်သုံး၍ စိစစ်ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူနိုင် မှသာလျှင် အဂတိလိုက်စားမှုများ လျော့ပါးသွားနိုင်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ယင်းအဆိုကို လွှတ်တော်တွင် ထောက်ခံဆွေးနွေးခဲ့သူ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦး “အစိုးရသစ် လက်ထက်မှာ မပြောစလောက် လျော့လာတယ် ဆိုပေမယ့် ပေးရကမ်းရတာတွေ ရှိနေတုန်းပါ။ အခု ကော်မရှင် အသစ် မဖွဲ့ရသေးဘူး။ ဥပဒေအရ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ် ပေါ်လာရင် ထိထိရောက်ရောက် ဖြေရှင်းနိုင်တော့မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဦးမျိုးဇော်ဦးက အဂတိ လိုက်စားမှုများတွင် အဆင့်မြင့် အဂတိ လိုက်စားမှုနှင့် အဆင့်နိမ့် အဂတိ လိုက်စားမှု ဟူ၍ ၂ မျိုးရှိပြီး အဆင့်မြင့် အဂတိ လိုက်စားမှုမှာ စီးပွားရေး အခွင့်အလမ်း လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များအတွက် ငွေကြေးများစွာ လာဘ်ထိုးရခြင်းများကို ဆိုလိုပြီး အဆင့်နိမ့် အဂတိလိုက်စားမှုမှာ လုပ်ငန်း ချောမွေ့စေရန် လက်ဖက်ရည်ဖိုး၊ စာရွက်ဖိုး ပေးရခြင်းကို ဆိုလိုကြောင်း ပြောဆိုသည်။
တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် ကမူ အဂတိ လိုက်စားမှု တိုက်ဖျက်ရန် လူပုဂ္ဂိုလ်များကို ဖမ်းဆီးထောင်ချခြင်း၊ ဥပဒေများ ပြဌာန်းနေရုံလောက်ဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ကျစ်လစ်ခိုင်မာသော ငွေစက္ကူ ထုတ်လုပ်ရန်နှင့် ကုန်စျေးနှုန်း ကျဆင်းရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“၀န်ထမ်းတွေကိုလည်း ကုန်းစျေးနှုန်းနဲ့ညီတဲ့ လစာမျိုး ပေးနိုင်ရမယ်။ နောက်တခုက တိုင်တဲ့သူကို ပြန်အရေးယူတာမျိုး မလုပ်သင့်ဘူး။ ဥပမာ တရားသူကြီး တယောက်ကို တိုင်တယ်။ အရေးယူတော့ အမှုသည်နဲ့ စာရေးမကိုပဲ အရေးယူတယ်။ ဒါမျိုးတွေတော့ မဖြစ်သင့်ဘူး” ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။