ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသည့် အထက်မြန်မာပြည်ဒေသများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အရပ်ဘက် အဖွဲ့အစည်း(CSO) များကို ဖိတ်ခေါ်ထားကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ဒုညွန်ကြားရေးမှူး ဒေါ်မြတ်မိုးသွယ်က “သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဌာနတခုတည်းနဲ့ လုပ်လို့မရပါဘူး။ လူထုပူးပေါင်းအားနဲ့ လုပ်ဆောင်မှ ဖြစ်နိုင်မှာပါ။ အဲဒီအတွက် တစုတစည်းတည်းဖြစ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဖောင်ဒေးရှင်းတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု ဧရာဝတီကို ပြောသည်။
ဝန်ကြီးဌာနနှင့် အရပ်ဘက်အဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို လာမည့် သြဂုတ် ၆ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်မည်ဖြစ်ပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ အရပ်ဘက်အဖွဲ့အစည်းများကို ဖိတ်ကြားထားကြောင်း သိရသည်။
လက်ရှိအချိန်၌ ရေကြီးနစ်မြုပ်နေသည့် ဒေသများမှာ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အချို့၌ ခံစားနေရပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၅ သောင်းကျော် ရေဘေးအန္တရာယ် ကြံုတွေ့နေရကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက သိရသည်။
ဝန်ကြီးဌာနက အရပ်ဘက်အဖွဲ့များကို သဘာဝဘေး ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်မှ ကိုကျော်သက်ဝင်းက “ သဘာဝဘေးနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနကို အရင်ကတည်းက စာတွေပို့ပြီး ကျနော်တို့ တင်ပြထားတာတွေ ရှိပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ကြိုတင်ပြင်ဆင်မှုက အရမ်းအားနည်းတယ်” ဟု ဆိုသည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များအတွက် ဝန်ကြီးဌာနနှင့် အောက်မြန်မာပြည်ရှိ အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုကို ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သဘာဝဘေးအန္တရာယ် ကျရောက်မှုအပေါ် ချက်ချင်းတုန့်ပြန် ဆောင်ရွက်ရန် ခွင့်ပြုဘတ်ဂျက်ငွေ ကျပ် ၂၀ ဘီလီယံကို ရရှိထားကြောင်းနှင့် လိုအပ်ပါက နိုင်ငံတော်သမ္မတ၏ သီးသန့်ရံပုံငွေမှ တောင်းခံသုံးစွဲနိုင်ကြောင်း ဒေါ်မြတ်မိုးသွယ်က ပြောသည်။