သတင်း

အမျိုးသမီး သတင်းသမားများ ခွဲခြားဆက်ဆံခံရမှု ရှိနေဆဲဟု ဆို

This article has been converted from Zawgyi One to Unicode

သတင်းမီဒီယာ တိုက်များတွင် အမျိုးသမီး သတင်းထောက်များ အပေါ် ခွဲခြားဆက်ဆံမှုများအပါအဝင် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များတွင် အမျိုးသားများနှင့် တန်းတူခံစားခွင့် မရကြကြောင်း အမျိုးသမီး သတင်းထောက်များက မြန်မာ အမျိုးသမီး သတင်းထောက်များကြား ကွန်ရက် တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုသည်။

“ရန်ကုန်က သတင်းတိုက်တွေမှာကို အမျိုးသားနဲ့အမျိုးသမီး တန်းတူအခွင့်အရေး မရဘူး။ အမျိုးသမီး သတင်း ထောက် တွေမှာ လူလွတ်ဆိုရင် ဆက်ဆံမှုက တမျိုး၊ အိမ်ထောင်ကျသွားရင် ဆက်ဆံမှုကတမျိုး ဖြစ်သွား တာတွေ ရှိ တယ်။ ဒီထက်ပိုဆိုးတာက ကိုယ်ဝန်ရပြီး ကလေးမွေးဖွားပြီးနောက်ဆို ပိုသိသာတယ်။ အခွင့်အရေး၊ လုပ်ပိုင်ခွင့်တွေက သိသိသာသာ ခွဲခြားခံလာရပြီ”ဟု MWJS အဖွဲ့ဝင် ဒေါ်အိမ့်ခိုင်ဦးက ပြောသည်။

မြန်မာအမျိုးသမီး သတင်းထောက်များကြား ကွန်ရက်တည်ဆောက်ခြင်း တရက်တာ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာ နိုင်ငံ အမျိုးသမီး သတင်းသမားများ အဖွဲ့ (Myanmar Women Journalists Society/ MWJS) က ဦးဆောင် ကျင်းပ ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းအသီးသီးမှ အမျိုးသမီး သတင်းသတင်းထောက်များနှင့် စိတ်ပါ၀င်စားသူ ၈၀ ကျော် တက််ရောက် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အမျိုးသမီး သတင်းထောက်များ နယ်ဝေးဒေသများသို့ သတင်းသွားရောက် စုံစမ်းရာတွင် နည်းလမ်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံ ခံနေရမှုနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်မှ သတင်းထောက် ဒေါ်မမက “နယ်က အမျိုးသမီးတွေ အနေနဲ့ အမျိုးသား သတင်းထောက်တွေလို လွတ်လပ်စွာ သတင်းယူနိုင်ဖို့ မလွယ်ဘူး။ အမျိုးသားတွေထက် ပိုကြိုးစားရတယ်။ နယ်က အမျိုးသမီးတွေမှာ ရပိုင်ခွင့်တွေ အရမ်းနည်းတယ်။ သတင်းရင်းမြစ်နဲ့ တွေ့ဆုံရာမှာလဲ တိုက်တွေအနေနဲ့ လုံခြံု ရေး အပြည့်အဝ မပေးနိုင်ဘူး။ သတင်းထောက် အမျိုးသမီးတွေကို ကာကွယ်ပေးရမယ်မှန်း မသိတာလည်း ဖြစ်နိုင် တယ်” ဟု ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီး သတင်းထောက်များကြား ကြံုတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး အမျိုးသမီး သတင်းထောက်များ လုံခြံုရေးအတွက် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အမျိုးသမီးသတင်းသမားများကို ကာကွယ်ပေးနိုင်သည့် ဥပဒေအဖွဲ့များထားရှိရန်၊ မီးဖွားသည့်အချိန်တွင် လုပ်ခလစာ အပြည့်ဖြင့် ခံစားခွင့်ရရှိရန်၊ သတင်းဌာနများတွင် အမျိုးသမီးသတင်းထောက်များအပေါ် အခွင့်အရေး၊ ရပိုင်ခွင့်များ တန်းတူပေးရန်၊ တရားစွဲဆိုခံရသည့် အမျိုးသမီးသတင်းထောက်များကို ကာကွယ်ပေးရန် စသည့် အခက်အခဲများကို မြန်မာနိုင်ငံအမျိုးသမီး သတင်းသမားများအဖွဲ့က ကူညီဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

MWJS အဖွဲ့က အမျိုးသမီး သတင်းထောက်များ အတွက် လုံခြံုရေးသင်တန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းများ၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ သင်တန်းများ၊ Social Media နှင့် IT ပိုင်းဆိုင်ရာ သင်တန်းများပေးနိုင်ရန် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ အမျိုးသမီးသတင်းသမားများအဖွဲ့ (MWJS) ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အတွင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အမှုဆောင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားကာ အဖွဲ့ဝင် ၅၀ ကျော် ရှိသည်။

မြန်မာနိုင်ငံအမျိုးသမီး သတင်းသမားများ အဖွဲ့သည် မြန်မာနိုင်ငံ သတင်းစာလောကတွင် ပထမဆုံး ထွက်ပေါ်လာ သည့် အမျိုးသမီး သတင်းထောက် အဖွဲ့အစည်းတခုလည်း ဖြစ်သည်။

Loading