သတင်း

ပြန်ဝင်ခွင့်ရပေမယ့် ဦးမောင်မောင်ဝမ်း စိတ်ပန်းလူပန်းဖြစ်ရ

This article has been converted from Zawgyi One to Unicode

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မနေ့က ပြည်ဝင်ခွင့်ငြင်းပယ်ခံရတာကြောင့် အမေရိကန်နိုင်ငံ ကို ပြန်ခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမောင်မောင်ဝမ်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွင့်ပြုချက်နဲ့ ပြည်ဝင်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း သူဟာ ရန်ကုန်လေဆိပ်မှာ စိတ်ဒုက္ခရောက်ခဲ့တဲ့အပြင် နာရီ ၅၀ ကျော် မရပ်မနား သွားခဲ့ရတဲ့ ဒဏ်တွေကြောင့် ဖျားနာလာတဲ့အတွက် အမေရိကန်အပြန် လေယာဉ်အဖွဲ့သားတွေရဲ့ စောင့်ရှောက်မှုကို ခံယူကာ ပြန်လာရတယ်လို့ သူ့မိတ်ဆွေတွေက ဆိုပါတယ်။

နောက်ထပ် ၁၅ နာရီကြာ လေယာဉ် ထပ်စီးဖို့ မဖြစ်နိုင်တဲ့အပြင် သူ့ရဲ့ ခရီးဆောင်အိတ်ပါ လောလောဆယ် ပျောက်ဆုံးနေတဲ့အတွက် အမေရိကက သူ့မိတ်ဆွေတွေ လိုရမယ်ရ ဝယ်ထားတဲ့ ရန်ကုန်အပြန် လေယာဉ်လက်မှတ်ကို ပြန်လည်ဖျက်ရတယ်လို့ သိရပါတယ်။

ဦးမောင်မောင်ဝမ်းဟာ လက်ရှိ မြန်မာကျောင်းသားလူငယ်တချို့ကို အင်္ဂလိပ်စာသင်ကြားပေးနေသူ ဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဇူလိုင်မှာ Social Visa ၀င်ရောက်ကာ အင်္ဂလိပ်စာသင်ကြား ပေးမှု၊ ရက်လွန်နေထိုင်မှုတွေကြောင့် သူ့ကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

ယခု NLD အစိုးရသစ်လက်ထက် မကြာမီရက်ပိုင်းအတွင်းက Black List စာရင်းအသွင်းခံထားရသူ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ၆၀၀ ကျော်ကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ပြီဆိုတဲ့ သတင်းထွက်လာတဲ့အချိန် အမေရိကန်ပြည်ထောင်စုက မြန်မာသံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာလျှောက်ခဲ့ရာမှာ ဗီဇာရခဲ့ပါတယ်။

အမေရိကန်ကနေ လေယာဉ်အဆင့်ဆင့်စီးပြီး ဦးမောင်မောင်ဝမ်း မနေ့ မနက် ၁၀နာရီ ခွဲမှာ တိုင်ပေ လေကြောင်းလိုင်းက တဆင့် ရန်ကုန်မြို့ကို ရောက်လာပါတယ်။

ဒါပေမယ့် ဦးမောင်မောင်ဝမ်းကို လေဆိပ် လူဝင်မှုကြီးကြပ်ရေးက ပြည်ဝင်ခွင့်မပေးပဲ အမေရိကန်ကို ပြန်လည် ထွက်ခွာစေခဲ့ပါတယ်။

ရန်ကုန်လေဆိပ်မှာ အခက်အခဲဖြစ်နေလို့ သွားရောက်ကူညီသူ ပန်းချီဆရာ ဦးထိန်လင်းရဲ့အဆို လေဆိပ် လူဝင်မှု ကြီးကြပ်ရေး အရာရှိများက ပြီးခဲ့တဲ့ သမ္မတ လက်ထက်မှာ သမ္မတ လက်မှတ်နဲ ထုတ်ပြန်ထားတဲ့ တားမြစ်ချက်ကို ပြင်နိုင်မှ ပြည်ဝင်ခွင့်ရမယ် ဆိုပြီး ပြောကြောင်း သိရပါတယ်။

“လူဝင်မှု ကြီးကြပ်ရေးမှ အကြီးကဲကို ဝင်မေးတော့ သူတို ့ဆီမှာ ပြီးခဲ့အခေါက်က ကိုမောင်မောင်ဝမ်းကို ပြန်ပို ့စဉ်က မှတ်တမ်းမှာ ဗီဇာစည်းကမ်းဖေါက်ဖျက်မှုနဲ ့ ပြန်ပို ့စဉ် က မှတ်တမ်းဝင်နေတဲ့အတွက် ပေးဝင်လို ့မရပါဘူး၊ ဒါကြောင့် လာခဲ့တဲ့လေယဉ်ပေါ်ကို ပြန်တင်ပေးလိုက်ပြီလို ့ အဖြေပေးပါတယ်။ စာရွက်ကိုလည်း ပြပါတယ်”ဟု ဦးထိန်လင်းက သူ့ဖေ့ဘွတ်စာမျက်နှာတွင် ရေးခဲ့သည်။

ချက်ခြင်း ဦးမောင်မောင်ဝမ်းရဲ့ မိတ်ဆွေတွေ ဖြစ်တဲ့ ဦးသူရ (ဦးဇာဂနာ)၊ ဦးထိန်လင်း တို့ စုစည်း ဦးဆောင်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ အဆင့်ဆင့် တင်ပြပြီး ပြည်ဝင်ခွင့် ပြန်လည်ရရှိရေး ပြေလည်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီပြည်ဝင်ခွင့် အရှုပ်တော်ပုံကိစ္စဟာ အစိုးရရဲ့ ပေါ်လစီ မရှင်းလင်းမှု၊ ဝန်ကြီးဌာနတွေကြား ပူးပေါင်းဆောင်ရွက်ခြင်း မရှိမှုတို့ကို ပြသနေတာလို့ ဝေဖန်မှုတွေ ပေါ်ထွက်လာပါတယ်။

“အခု ကိုမောင်မောင်ဝမ်းကိစ္စက ကိုယ့်ကို အစိုးရက ဘယ်လိုသတ်မှတ်ထားတယ်ဆိုတာတောင် သိပိုင်ခွင့် မရှိတဲ့ အခြေအနေမျိုး ဖြစ်နေတယ်”လို့ ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး သင်တန်းပေးနေတဲ့ Equality Myanmar အဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဝေဖန်ပြောဆိုပါတယ်။

“Blacklist ဆိုတာမျိုးက အထူးသဖြင့် အင်တာပိုလ်က ဝရမ်းထုတ်ထားတဲ့ ရာဇဝတ်မှုနဲ့ မကင်းသူတွေအတွက်ပဲ ဖြစ်သင့်တယ်”လို့လည်း သူက ဧရာဝတီကို ပြောပါတယ်။

Loading