ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ် ၈ မြို့နယ်ကို မှုခင်းကျဆင်းရေး စီမံချက် နယ်မြေများအဖြစ် တိုးချဲ့ဆောင်ရွက် လိုက် ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။
“မှုခင်းဖြစ်ပွားမှုများနေတဲ့ အဓိက မြို့နယ်တွေမှာ အရင်လုပ်တာပါ။ နောက်ပိုင်းမှာ တခြားမြို့နယ်တွေမှာလည်း တိုးချဲ့ပြီး လုပ်သွားဖို့ ရှိပါတယ်။ လူဆိုးဂိုဏ်းတွေ ဖမ်းဆီးတဲ့ ကိစ္စတွေထက် မှုခင်းတွေကျဖို့ အဓိကလုပ်တဲ့ စီမံချက်ပါ”ဟု တိုင်း ရဲ တပ်ဖွဲ့သတင်း ထုတ်ပြန်ရေး အဖွဲ့ ရဲမှူးကြီး မျိုးဆွေ က ဧရာဝတီသို့ ပြောသည်။
မှုခင်းကျဆင်းရေး စီမံချက် ထပ်မံ တိုးချဲ့လိုက်သည့် မြို့နယ်များတွင် ဒဂုံမြောက်ပိုင်း၊ သာကေတ၊ စမ်းချောင်း၊ မရမ်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တွံတေးနှင့် ဒလမြို့နယ်များ ပါဝင်ပြီး ယခင်ကတည်းက စီမံချက်လုပ်နေဆဲ မြို့နယ်များမှာ ကမာရွတ်၊ လှိုှု်င်သာယာ၊ သန်လျင် အပါအဝင် ၄ မြို့နယ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံချက်တွင် အများပြည်သူ လုံခြုံရေးနှင့် လူထုအခြေပြု ရဲလုပ်ငန်းကိုသာ အဓိကထားပြုလုပ်မည် ဖြစ်ကြောင်း သိရ သည်။
ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ အစီအစဉ်တွင်လည်း ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က အစိုးရသစ်၏ လုပ်ငန်းစဉ်တွင် ပါဝင်သော တရားဥပဒေ စိုးမိုးရေး၊ ခိုင်မာသော နိုင်ငံတည်ဆောက်ရေးတို့အား အဟန့်အတား အနှောင့်အယှက် ဖြစ်နေသော မှုခင်း ကျဆင်းရေးကို အမြန်ဆုံးဖော်ဆောင်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုတရပ်ကို တင်သွင်းခဲ့သည်။
ဒေါ်ခင်နှင်းသစ်က “ပိုင်ရှင်မဲ့သစ်တွေ၊ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိတာတွေမှာ အမှုတရားခံတွေကို ရဲတပ်ဖွဲ့က အမြန် ဖော်ထုတ်ဖို့ လိုတယ်။ ပြစ်မှုများစွာ ကျုးလွန်နေတဲ့အပေါ် ပြည်သူလူထုက စိုးရိမ်မှုရှိနေတဲ့အတွက် တရားဥပဒေ စိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အနေနဲ့ အထူးသတိပြုဆောင်ရွက်သင့်ပါတယ်” ဟု ပြောသည်။
မှုခင်းများဖြစ်ပွားရသည့် အကြောင်းအရင်းများတွင် အမှုကြီးများအပါအဝင် ဆင်းရဲနွမ်းပါးမှုကြောင့် ဖြစ်သည့် လောင်းကစား မှုများ၊ အလုပ်အကိုင်မရှိရာမှ ဖြစ်သည့် လုယက်မှုများ၊ လိုင်စင်မဲ့ အရက်ထုတ်လုပ်မှုများကြောင့် ဖြစ်ရသည့် လူသတ်မှု၊ မုဒိန်းမှုများ၊ တရားရုံးက ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်မချမှတ်သည့် အတွက် ဖြစ်ပွားရသော မှုခင်းများ စသည့် အမှု အခင်း များစွာ ပါဝင်နေကြောင်းလည်း ၎င်းက ထောက်ပြပြောဆိုသည်။
အစိုးရသစ် စတင်ခဲ့သည့် ရက် ၁၀၀ အတွင်းကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ရက် ၁၀၀ စီမံချက် အနေဖြင့် မြို့နယ် နှင့် ရပ်ကွက်များ တွင် မှုခင်း အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ မှုးယစ်ဆေးဝါး အန္တရာယ်လျော့ကျရေး ရှာဖွေ ဖမ်းဆီး မှုများ ပြုလုပ်ခြင်း၊ လှည့်ကင်းများ ဆောင်ရွက်ခြင်း၊ နာမည်ဆိုးဖြင့် ကျော်ကြားသူများ၊ ထောင်ထွက်လူမိုက်များ နှင့် လူဆိုးသူခိုးများကို အရပ်ဝတ်ဖြင့် နယ်ထိန်းများ က စောင့်ကြည့်အကဲခတ်ခြင်း၊ လေ့လာခြင်းများ ပြုလုပ်ကာ အရေးယူခြင်း၊ ခြေချုပ် ခံဝန်ဖြင့်ထားခြင်းများ ပြုလုပ်ခဲ့သည်။
ယခုနှစ်အတွင်း ကြည့်မြင်တိုင် မြို့နယ်တွင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ခြင်း၊ သာကေတမြို့နယ်ရှိ ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး ဦးခေါင်းဖြတ်၍ အသတ်ခံရခြင်း၊ အသက် ၂၀ အရွယ် အမျိုးသားတဦး ရိုက်နှက်ခံရပြီး အသတ်ခံရခြင်း၊ သမီးရည်းစား အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးမှုများလည်း ဖြစ်ပွားခဲ့သေးသည်။