ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား လာမည့်နှစ် ၂၀၁၇ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ဆောင်ရွက်မည့် အစီအစဉ်ကို World Heritage Site ကော်မတီ၏ မြန်မာနိုင်ငံ ရုံးခွဲက ကြေညာခဲ့သည်။
ဇူလိုင်လတွင် မန္တလေးမြို့၌ တိုင်းအစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီဌာန၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် ကော်မတီမှ ကိုယ်စားလှယ်များအကြား အစည်းအဝေးတခု ကျင်းပပြီးနောက် ထိုအစီအစဉ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။
ထိုအစည်းအဝေးတွင် အထက်ပါ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် Bagan Heritage Trust ပုဂံအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ အစရှိသည့် ပုဂံဒေသတွင်း ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းတို့ ပါဝင်သည့် အမည်စာရင်းတင်သွင်းရန် အဆိုပြုမည့် ကော်မတီတခုကိုလည်း ဖွဲ့စည်းခဲ့သည်။
World Heritage Site ကော်မတီ၏ မြန်မာနိုင်ငံရုံးခွဲမှ ဒါရိုက်တာ ဦးသန်းဇော်ဦးက အမည်စာရင်း တင်သွင်းရန်အတွက် အစီရင်ခံစာ မူကြမ်းနှင့် စီမံခန့်ခွဲမှု အစီအစဉ် မူကြမ်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် တင်သွင်းနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ထိုမှသာ ကော်မတီ ကိုယ်စားလှယ်များက ၂၀၁၈ ခုနှစ်တွင် ပုဂံသို့ လာရောက်ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်ပြီး ယူနက်စကို၏ ၂၀၁၉ ခုနှစ် ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ညီလာခံသို့ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား အမည်စာရင်းတင်သွင်းရန် အဆိုပြုသွားနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
ကမ္ဘာ့အမွေအနှစ် စာရင်း ရွေးချယ်ရန် ယူနက်စကို၏ စည်းမျဉ်းစည်းကမ်းများတွင် ထိုဒေသတွင်း နေထိုင်သူများက ယင်းဒေသကို တန်ဖိုးထားမှု ရှိ မရှိ၊ နိုင်ငံတကာတွင် ထင်ရှားမှု ရှိ မရှိ ၊ နိုင်ငံ နယ်နိမိတ်ကို ကျော်လွန်၍ အကျိုးဖြစ်ထွန်းမှု ရှိ မရှိ၊ လက်ရှိနှင့် အနာဂတ် မျိုးဆက် လူသားများ အားလုံးအတွက် အရေးပါမှု ရှိ မရှိ စသည့် အချက်များ ပါ၀င်ပါသည်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ခရီးသွားလုပ်ငန်း တိုးပွားလာသော ပုဂံမြို့သည် World Heritage Site ကမ္ဘာ့အမွေအနှစ် စာရင်းဝင်တခု ဖြစ်လာရန် ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။ ယဉ်ကျေးမှုဆိုင်ရာ ဒေသများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ခြိမ်းခြောက်မှုများ ဖြစ်လာပါသည်။
“ကျနော်တို့အနေနဲ့ကတော့ သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ ဘောင်ဝင်အောင် ဘယ်လိုလုပ်ဆောင်လို့ရတယ် ဆိုတာ ကော်မတီအဖွဲ့ဝင်တွေကို အကြံဉာဏ်တွေ၊ အကူအညီတွေ ပေးပါတယ်။ ကျန်တာကတော့ အဲဒီညီလာခံမှာ ကျွမ်းကျင်သူတွေက ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ” ဟု ဦးသန်းဇော်ဦးက ပြောသည်။
၁၉၉၆ ခုနှစ်တွင် ပုဂံဒေသကို ယူနက်စကိုသို့ အမည်တင်သွင်းခဲ့သော်လည်း စီမံခန့်ခွဲမှု အစီအစဉ်များ အားနည်းမှုနှင့် ပုဂံဒေသကို ရှေးဟောင်းယဉ်ကျေးမှုဇုံအဖြစ် အစိုးရက သတ်မှတ်ထားနိုင်မှု မရှိခဲ့ခြင်းများကြောင့် မအောင်မြင်ခဲ့ပေ။
၂၀၁၄ ခုနှစ် ဇွန်လတွင် ယူနက်စကို ကမ္ဘာအမွေအနှစ်စာရင်း၌ မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် ပျူမြို့ဟောင်းက စာရင်းဝင်ခဲ့ပြီးနောက် ယဉ်ကျေးမှု ၀န်ကြီးဌာနက ပုဂံဒေသကိုလည်း အဆိုပါစာရင်းဝင်နိုင်ရန် ကြိုးပမ်းမှုများ ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ကနဦး အချက်အလက်များ စုဆောင်းခြင်း ပြီးဆုံးခဲ့ပြီး ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေး၊ လူမှုရေး၊ လူနေ အဆောက်အဦများ၊ ခရီးသွားလုပ်ငန်းများတို့၏ ယင်းဒေသအပေါ် သက်ရောက်မှု အပါအဝင် သမိုင်းဝင်မှတ်တမ်းများ ထိန်းသိမ်းမှုနှင့် လေ့လာစမ်းစစ်ရန် တိုင်းတာမှုများ ဆောင်ရွက်ခဲ့သည်။
ထိုလေ့လာစမ်းစစ်မှု၌ ပုဂံဒေသတွင်းရှိ ရှေးဟောင်း စေတီပုထိုးများ၏ မူလတည်ဆောက်မှုလက်ရာ မည်မျှ ကျန်ရှိနေမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း ပမာဏမည်မျှအထိ လုပ်ဆောင်ရမည်ကို သုတေသန ပြုခြင်းများလည်း ပါဝင်ကြောင်း သိရသည်။
ပုဂံဒေသမှ စေတီပုထိုးများ၊ ဘုရားကျောင်းများနှင့် အခြား ဗုဒ္ဓဘာသာ အဆောက်အအုံများကို ပုဂံမင်းဆက် ၅၅ ဆက် အုပ်စိုးခဲ့သောကာလ၊ ၉ ရာစုနှစ်မှ ၁၁ ရာစုနှစ်အတွင်း တည်ဆောက်ခဲ့သည်။ ပုဂံဒေသတွင် စေတီပုထိုးပေါင်း ၃၀၀၀ ကျော် တည်ရှိနေသည်။ ၄င်းတို့ အနက်မှ စေတီ ၁၂၀ ကို အင်္ဂတေနု သုတ်လိမ်းထားပြီး စေတီ ၄၆၀ ကို နံရံဆေးရေး ပန်းချီ ရေးဆွဲထားသည်။ အချို့စေတီပုထိုးများမှာ ပြန်လည် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသည်ဟု ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။