ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း တတန်ကူးကျေးရွာ အနီးတွင် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် နယ်ခြား စောင့် တပ်(BGF)နှင့် ကရင် လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း BGF ထံမှ သိရသည်။
BGF အမှတ် ၄ ကွပ်ကဲရေးအရာရှိ ဗိုလ်မှူး မုချားက “မနက်က ဗိုလ်နားမကြားအဖွဲ့က လာပစ်တာလေ၊ တိုက်ပွဲက နာရီဝက်လောက်ပဲ၊ အခုဘာမှ မဖြစ်တော့ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဒဏ်ရာရရှိသူများမှာ တတန်ကူးကျေးရွာ ဒေသခံများဖြစ်ကြပြီး ကလေးငယ်တဦးနှင့် အမျိုးသား တဦး၊ အမျိုးသမီး ၂ ဦးတို့ဖြစ်ကာ မြဝတီဆေးရုံတွင် ကုသလျက်ရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) တပ်ဖွဲ့မှ ဗိုလ်ကြီး ရဲထက်က တိုက်ပွဲဖြစ်ပွားမှုမှာ ၎င်းတို့တပ်ဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ငြင်းဆိုသည်။
ဗိုလ်ကြီးရဲထက် က “လက်ရှိရထားတဲ့ သတင်းတွေအရ တိုက်ပွဲဖြစ်တဲ့အဖွဲ့တွေက ကျနော်တို့ တပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး”ဟု ပြောသည်။
ယခုဖြစ်စဉ်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်တွင် ကရင် အမျိုးသား တော်လှန်ရေး တပ်များ အချင်းချင်းကြား နားလည်မှုလွဲမှားကြောင်း ပြုလုပ်လိုသူတချို့ရဲ့ လုပ်ဆောင်ချက်လို့ ပြောလို့ရပြီး မည်သည့့်အတွက်ကြောင့်ဖြစ်စေ လူထုကို မစတေးဖို့လိုအပ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ယခုနှစ် မေလ ၁၁ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ် ပျားပင်ရွာရှိ ဗိုလ်မှူး နားမကြား အိမ်ကို တပ်မတော်နှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင်များက သွားရောက်ဝိုင်းထားရာမှ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) တပ်ဖွဲ့မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူး နားမကြား အဖွဲ့နှင့် BGF ပူးပေါင်း တပ်ဖွဲ့များကြား အာရှလမ်းမကြီး ကော့ကရိတ် – မြဝတီလမ်းပိုင်း မဖွင့်ခင် ၂၀၁၅ ခုနှစ် ဇူလိုင်လက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သဖြင့် အာရှလမ်းမကြီးကို ခေတ္တပိတ်ထား ခဲ့ရသေးသည်။
ယခုနှစ် ဖေဖော်ဝါရီ လပိုင်းကလည်း အာရှလမ်းမကြီးဘက်မှ ဆုတ်ခွာခဲ့သည့် DKBA ဗိုလ်မှူး နားမကြား အဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့များကြား ပျားပင်ရွာနှင့် ကောင်းမှု ရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရာနှင့်ချီသည့် ဒေသခံများ ဘေးလွတ် ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။