မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေလျှံမှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင်နှင့် မအူပင်တို့တွင် ရေကြီး နစ်မြုပ်မှုများ ဖြစ်ပွားနေပြီး လူဦးရေ သောင်းချီ၍ ရေဘေးဒုက္ခ ရင်ဆိုင်နေရကာ စာသင်ကျောင်း ၄၂ ကျောင်းလည်း ပိတ် ထားရကြောင်း သတင်းရရှိသည်။
ရေလွှမ်းမိုးမှုကြောင့် အိမ်ထောင်စု ၂၁၆၅ စုမှ လူဦးရေ ၈၀၈၉ ဦးသည် နေအိမ်များကို စွန့်ခွာပြီး သက်ဆိုင်ရာဒေသရှိ
ဘုရား တန်ဆောင်း၊ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများ၌ ဖွင့်လှစ်ထားသည့် ရေဘေး ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံ နေရကြောင်းလည်း သိရသည်။
ရေကြီးနစ်မြုပ်မှု ကြံုတွေ့နေရသည့် မြန်အောင်မြို့နယ်၊ ပဲတခွဲအုပ်စု ရေလယ်ကျွန်း ကျေးရွာမှ ဒေသခံ ဦးညွန့်ဝေက “ကျနော်တို့ရွာက အိမ်တွေအကုန်လုံးနီးပါး ရေမြုပ်လို့ စင့်ထိုးပြီး နေနေရတယ်။ ရေတွင်းတွေ၊ ရေတုံကင်တွေအကုန်လုံး ရေမြုပ်ကုန်လို့ ရေသောက်စရာ မရှိတော့ဘူး။ ရှိတဲ့ရေပဲ ကျိုချက် သောက်နေရတယ်။ အခုချိန်အထိတော့ ဘယ်အဖွဲ့ကမှ လာရောက်ကူညီတာ မရှိဘူး”ဟု ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ ဧရာဝတီမြစ်နှင့် ငဝန်မြစ် ရေလျှံခြင်းများကြောင့် သြဂုတ်လ ၂ ရက်နေ့မှစတင်၍ ဟင်္သာတ၊ ဇလွန်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ မအူပင်၊ ပန်းတနော်နှင့် ဓနုဖြူမြို့တို့တွင် ရေကြီးနစ်မြုပ် မှုများ ဖြစ်ပွားနေပြီး အဆိုပါမြို့များမှ အိမ်ထောင်စုပေါင်း ၂၁၆၅ စုမှာ နေအိမ်များကို စွန့်ခွာ၍ ကယ်ဆယ်ရေး စခန်း ၅၇ ခုတွင် ခိုှုလှုံနေရကြောင်း ဧရာဝတီတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဌာန စာရင်းများအရ သိရသည်။
“ရေမြုပ်နေတာက ကျေးရွာအုပ်စု ၈ ခုက ရွာပေါင်း ၂၀ လောက် ရှိတယ်။ အခုလက်ရှိ ကြံခင်းမြို့ပေါ်မှာ အိမ်ထောင်စု ပေါင်း ၄၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်း ၈ ခု ဖွင့်ပြီး စောင့်ရှောက်ထားတယ်။ ရေဘေး ဒုက္ခ သည်တွေအတွက် အဓိက လိုတာတော့ စားစရာနဲ့ သောက်ရေသန့်တွေ လိုနေတယ်”ဟု ကြံခင်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ပြောသည်။
ရေဘေး ကယ်ဆယ်ရေး စခန်းများကို မြန်အောင်မြို့တွင် ၂၃ ခု၊ ဓနုဖြူမြို့တွင် ၁၂ ခု၊ ကြံခင်းမြို့တွင် ၈ ခု၊ ဇလွန် မြို့ တွင် ၆ ခု၊ ဟင်္သာတမြို့တွင် ၅ ခု၊ အင်္ဂပူမြို့တွင် ၂ ခု၊ မအူပင်မြို့တွင် ၁ ခု ဖွင့်လှစ်ကာ ရေဘေး ဒုက္ခသည်များအား လက်ခံ ထားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဌာနနှင့် စေတနာရှင်များက ဆန်နှင့် သောက်ရေသန့်များ ထောက်ပ့ံ ကူညီထားကြောင်း သိရသည်။
“လတ်တလောမှာ ရေဘေးဒုက္ခသည်တွေ အတွက် ကျပ်သိန်း ၃၀ ကျော် ပမာဏရှိတဲ့ ဆန်ရိက္ခာနဲ့ သောက်ရေ သန့်တွေ ဖြန့်ဝေပေးထားပြီး ဖြစ်ပါတယ်။ ရေကြီးမှုကြောင့် လူသေတာ၊ ပျောက်ဆုံးတာတော့ မရှိသေးပါဘူး။ ကျနော်တို့ဌာနအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ကူညီမှုတွေ ဆက်လက် လုပ်ဆောင်ပေး သွားမှာပါ”ဟု ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။
ရေကြီးမှုအန္တရယ်ကြောင့် သြဂုတ်လ ၂ ရက်နေ့မှ စတင်၍ ဇလွန်မြို့နယ် မြန်အောင်မြို့နယ် ဓနုဖြူမြို့နယ်နှင့် ကြံခင်းမြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၁၁ ကျောင်းနှင့် မူလတန်းကျောင်း ၂၉ ကျောင်း ပိတ်ထားရပြီး စာသင်ကြားမှုများ နောက်မကျစေရန် ကျောင်းပိတ်ရက်များတွင် အစားထိုးသင်ကြားပေးရန် စီစဉ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဦးဝင်းမောင်ကလည်း ပြောပြသည်။
“ကျောင်းပိတ်ခဲ့ရတဲ့ ရက်တွေကို ကျောင်းတွေပြန်ဖွင့်ရင် ပိတ်ရက်တွေမှာ အစားထိုးပြီး သင်ကြားသွား ဖို့ စီစဉ် ထားပါတယ်။ ရေဒီထက်ထပ်တိုးလာရင် ပိတ်ရမယ့်ကျောင်းတွေ ပိုများလာနိုင်ပါတယ်။ မိုးအဆက်မပြတ် ရွာပြီး ကျောင်းတွေထဲကို ရေတွေဝင်ရောက်နေလို့ ပိတ်ထားရတာပါ။ ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာ ပြောလို့မရသေး ဘူး။ ရေကျသွားမှပဲ ပြန်ဖွင့်နိုင်မှာပါ”ဟုလည်း သူက ပြောသည်။
လတ်တလောတွင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေတို့မှာ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားနေသည့်မြို့များတွင် စိုးရိမ်ရေ မှတ် အထက် ၁ ပေမှ ၄ ပေခန့်အထိ ကျော်လွန်လျက်ရှိပြီး ဓနုဖြူ၊ ဟင်္သာတ၊ မြန်အောင်နှင့် ငါးသိုင်းချောင်းမြို့ များတွင် မြစ်ရေတား တမံများ ကျိုးပေါက်မှုမရှိစေရန် ဌာနဆိုင်ရာများနှင့် ဒေသခံများ ၀ိုင်းဝန်းစောင့်ကြည့် နေရ ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လနှင့် သြဂုတ်လများအတွင်း ဧရာဝတီတိုင်း၌ ရေကြီးမှုများ ဆိုးဝါးစွာဖြစ်ပွားခဲ့ရာ ပုသိမ်၊ ဟင်္သာတနှင့် မအူပင်ခရိုင်များရှိ မြို့နယ် ၁၇ ခုရှိ နေအိမ်အလုံးပေါင်း ၈ သောင်း ၈ ထောင်ကျော် ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ၄ သိန်းကျော် ရေဘေးသင့်ခဲ့သလို ရေလွှမ်းမိုးမှုကြောင့် ကျပ်သန်းပေါင်း ၁ သောင်း ၈ ထောင်ကျော် ပျက်စီးဆုံးရှံုးခဲ့သည်။