ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အရေး ဆောင်ရွက်နေသည့် မြန်မာ အလုပ်သမားအဖွဲ့ နှစ်ဖွဲ့သည် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဖွဲ့စည်းထားသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင် အဖြစ်မှ နုတ်ထွက်လိုက်ကြောင်း သိရသည်။
သံရုံးအလုပ်သမား ကော်မတီမှ နုတ်ထွက်သည့်အဖွဲ့ နှစ်ဖွဲ့မှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အဖွဲ့ (MAT) နှင့် အလုပ်သမားများ ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) တို့ ဖြစ်ကြောင်း၊ ဘန်ကောက်ရှိ သံရုံးတွင် ယနေ့ ပြုလုပ် သည့် အစည်းအဝေး၌ တရားဝင် နုတ်ထွက်ခဲ့ကြောင်း MAT ၏ ဒါရိုက်တာ ဦးကျော်သောင်း ဧရာဝတီ ကို ပြောသည်။
၎င်းက “ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်တာတွေမျိုး လုပ်ဆောင်လာတဲ့အပြင်၊ ကျနော်တို့ အဖွဲ့ကလည်းပဲ သံရုံးရဲ့ ထိန်းချုပ်မှုတွေကို မလိုချင်တဲ့အတွက် နုတ်ထွက်လိုက်ရတာပါ”ဟု ပြောဆိုသည်။
သံရုံး အလုပ်သမား ကော်မတီမှ နုတ်ထွက်လိုက်သော်လည်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေခြင်းများကို ရပ် ဆိုင်း သွားမည် မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်း၍ ထိုင်းရောက် မြန်မာ အလုပ်သမားများ၏ အခက်အခဲများကို ဥပေဒဘောင် အတွင်းမှ ဆက်လက်ကူညီပေးသွားမည် ဖြစ်ကြောင်းလည်း ဦးကျော်သောင်း က ပြော သည်။
AAC အဖွဲ့မှ ဦးရဲမင်း ကလည်း ၎င်းတို့ အဖွဲ့သည်လည်း သံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီမှ နုတ်ထွက် သည့်အပြင် လက်ရှိ လုပ်ဆောင်နေသည့် အလုပ်သမားအရေး ကူညီ ဆောင်ရွက်မှုများကိုလည်း ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
ဦးရဲမင်း က “သံရုံးအလုပ်သမား ကော်မတီက နုတ်ထွက်တာကတော့ သဘောထားချင်း တိုက်ဆိုင်မှု မရှိတော့လို့ နုတ် ထွက် တာပါ၊ အဲဒီလိုပဲ အလုပ်သမားအရေး ဆောင်ရွက်မှုတွေကိုလည်းပဲ ရပ်ဆိုင်းထားမှာပါ၊ ပြန်စမယ်ဆိုရင်လည်း ကြေ ညာပေးသွားမှာပါ”ဟု ပြောဆိုသည်။
MAT နှင့် ACC အဖွဲ့ တို့သည် ထိုင်းရောက် အလုပ်သမားများ၏ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများ၊ မြန်မာ အလုပ် သ မား အေဂျင်စီများ၏ မိမိတို့ ပို့ဆောင်ပေးလိုက်သည့် MOU လုပ်သားများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်း စသည်တို့အား ရန်ကုန်မြို့၌ သြဂုတ်လ ၂ ရက်နေ့ က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသေးသည်။
ထိုသတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့မှုများသည် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာအား ထိခိုက်စေသည်ဟုဆိုကာ ထိုင်းအလုပ် သမား ၀န်ကြီးဌာန က ၎င်းတို့၏ အဖွဲ့ဝင်တချို့ကို စစ်ဆေးမေးမြန်းမှု တချို့ ရှိခဲ့ကြောင်း သိရသည်။
ဦးရဲမင်းက “ဖမ်းဆီးတာ ခြိမ်းခြောက်တာမျိုးတော့ မရှိသေးပါဘူး”ဟု ပြောပြသည်။
MAT အဖွဲ့သည် သံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ၌ ၂၀၁၀ ပြည့်နှစ်ကပင် ပါ၀င် ပူးပေါင်း ဆောင်ရွက် နေပြီး AAC သည်လည်း ပြီးခဲ့သည့် နှစ်အနည်းက ၀င်ရောက်၍ အလုပ်သမားအရေးများကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့မှုများနှင့်ပတ်သက်၍ ထိုင်းအလုပ်သမား ၀န်ကြီးဌာန က အထင်လွဲမှားမှုသည် ဘာသာပြန်ပေးသူ၏ ဘာသာပြန် အမှားကြောင့်သာ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာအား ထိခိုက်စေသည့် ရည်ရွယ်ချက်ဖြင့် ပြောဆိုခဲ့ခြင်း မရှိကြောင်း ဦးကျော်သောင်း က ပြောပြသည်။
၎င်းက “ထိုင်းအလုပ်သမား ၀န်ကြီးဌာနက တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ကျနော်တို့ ရှင်းပြသွားမှာပါ၊ နားလည်မှု လွဲမှား တာသာ ဖြစ်တဲ့ အကြောင်းကိုလည်းပဲ ၀န်ကြီးဆီကို စာပေးပို့သွားမှာပါ”ဟုလည်း ပြောသည်။
ဘန်ကောက်ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင် ကမူ မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီကို ၂၀၁၀ ပြည့်နှစ် ၀န်းကျင်က ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အဖွဲ့ ၁၃ ဖွဲ့ ရှိကြောင်း၊ MAT နှင့် AAC အဖွဲ့တို့ နုတ်ထွက်သွားသည့် အတွက် ကျန်သည့် အဖွဲ့ ၁၁ ဖွဲ့ နှင့် အလုပ်သမား အရေးများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီ ကို ပြောပြသည်။
၎င်းက “သူတို့ရဲ့ဆန္ဒအရ နုတ်ထွက်တာဆိုတော့ ကျနော်တို့အနေနဲ့ ဘာမှမပြောလိုပါဘူး၊ အတူတူ လက်တွဲလုပ်နေတဲ့ သူ တွေ နုတ်ထွက်သွားတော့ ကျနော်တို့လည်း စိတ်မကောင်းပါဘူး”ဟု ပြောဆိုသည်။