နိုင်ငံတော်အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်အပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်ဟု သမ္မတရုံး၏အဆိုအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံသို့သွားရောက်မည်ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။ သူက အခြားအသေးစိတ်များကို ပြောရန်ငြင်းဆ်ိုပြီး မကြာမီ ထုတ်ပြန်ကြေညာမည်ဟု ပြောသည်။
တရုတ်နိုင်ငံ နိုင်ငံတော်လုံခြုံရေးဝန်ကြီး ကင်ဟွီချန်း ဇူလိုင်လ ၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် အစည်းအဝေးတခုတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘေဂျင်းသို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံခေါင်းဆောင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဘေဂျင်းသို့ ၂၀၁၅ ခုနှစ် ဇွန်လက တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုအရ သွားရောက်ခဲ့ပြီး သမ္မတရှီကျင်ဖျင့်၊ ဝန်ကြီးချုပ််လီကီကွမ်းတို့နှင့် တွေ့ဆုံခဲ့ဖူးသည်။
မတ်လကုန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရတရပ် ဖွဲ့စည်းချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးနှစ်ခုကို မေလတွင် လာအို နှင့် ဇွန်လတွင် ထိုင်းသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။
အမေရိကန် သမ္မတဘားရက်အိုဘားမားကလည်း သူ၏သက်တမ်းမကုန်ဆုံးမီ အမေရိကန်ပြည်ထောင်စုသို့ လာရန် ဖိတ်ခေါ်မှုကိုလည်း ဒေါ်အောင်ဆန်းစုကြည် လက်ခံထားသည်။ ထိုခရီးစဉ်သည် စက်တင်ဘာလတွင် နယူးယောက်တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံနှင့်လည်း တိုက်ဆိုင်နေသည်ဟု ခန့်မှန်းပြောဆိုမှုများလည်း ရှိသည်။
အမေရိက ခရီးစဉ်မတိုင်မီ တရုတ်သို ့ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရန် ဆုံးဖြတ်ခြင်းမှာ တရုတ်နှင့်ပတ်သက်၍ မြန်မာအစိုးရ ရင်ဆိုင်နေရသော ၂ နိုင်ငံ နယ်စပ်ရှိ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အပြင် အနောက်တိုင်းနှင့် အင်အားချိန်ခွင်လျှာ ထိန်းညှိခြင်းတွင် အကန့်အသတ် ဘောင်ရှိကြောင်း ပြသခြင်းဖြစ်သည်။
တရုတ်သည် မြန်မာ၏ အရေးအပါဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ အဓိက ရင်းမြစ်ဖြစ်နေသေးသည်။ မြန်မာနိုင်ငံရှိ ကြီးမားသော တရုတ်ကျောထောက်နောက်ခံပြု စွမ်းအင်နှင့် သယံဇာတထုတ်ယူရေး (အထင်ရှားဆုံးမှာ ကချင်ပြည်နယ်မှမြစ်ဆုံဆည်) စီမံကိန်းများသည် မကြာသေးမီနှစ်များက လူထု၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရမှာမူ ၎င်းတို့နှင့် ပတ်သက်၍ ရှင်းလင်းသောမူဝါဒ မချမှတ်နိုင်သေးပေ။