တိုင်းပြည်တခု၏ နိုင်ငံရေးစနစ်တခုကို ဖော်ဆောင်ရာတွင် ပုံတူကူးယူပြီး လုပ်ဆောင်ခြင်းမျိုး မပြုလုပ်သင့်ဘဲ မိမိနိုင်ငံ၊ မိမိတိုင်းရင်းသား လူမျိုးများ၏ သဘော သဘာဝနှင့် သမိုင်းကြောင်းနောက်ခံ အခြေပြုဆောင်ရွက်မှသာလျှင် ကောင်းမွန်မှန်ကန်သည့် နိုင်ငံရေးစနစ်တခု ထူထောင်နိုင်မည် ဖြစ်ကြောင်း သမ္မတဟောင်း ဦးသိန်းစိန်က ပြောသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ဦးဆောင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပမည့်အချိန်၊ ယင်း ညီလာခံ ရလဒ် များဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့ကို ပြင်ဆင်ရန် ကြိုးစားနေချိန်တွင် ယနေ့ နေပြည်တော်ရှိ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)ရုံးချုပ်တွင် ပြုလုပ်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲတွင် USDP ၏ လက်ရှိ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသိန်းစိန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“တိုင်းရင်းသား ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်မည့် စနစ်တခု ချမှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟုလည်း ဦးသိန်းစိန်က ပြောသည်။
၅ ရက် ပြုလုပ်ခဲ့သည့် ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ခေါင်းစဉ် ၄ ခု ပါဝင်ရာ ၄င်းတို့မှာ မြန်မာနိုင်ငံ သမိုင်းကြောင်းနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှု ဆောင်ရွက်ချက်များ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ဦးတည်သော ဖက်ဒရယ် ပြည်ထောင် စု ဖော်ဆောင်ရေးနှင့် ပြည်ထောင်စု အဓွန့်ရှည်တည်တ့ံ ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ ဖြစ်ကြောင်း သိရသည်။
USDP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီက“အလုပ်ရုံ ဆွေးနွေးပွဲမှာ ခေါင်းစဉ် ၄ ခု အစု ၄ စုဖွဲ့ပြီး ဆွေးနွေးကြတယ်။ အဲဒီ စာတမ်းတွေကို ပေါင်းစပ်ပြီး စာတမ်း တစောင် ပြုစုမယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်တည်ချက် သဘောထားပေ့ါ။ အဲဒီဟာကို ၂၁ ရာစု ပင်လုံ ညီလာခံမှာ ကျနော်တို့ပါတီရဲ့ ရပ်တည်ချက် အဖြစ် တင်သွင်းသွားမယ်”ဟု မီဒီယာများသို့ ပြောသည်။
ဆွေးနွေးပွဲ၌ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်မှု ဆောင်ရွက်ချက်များ ခေါင်းစဉ်အောက်တွင် USDP အစိုးရ လက်ထက်၌ ဆောင်ရွက် နိုင်ခဲ့သည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ USDP ပါတီ၏ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ရပ်တည်ချက် သဘောထားများ ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း ဦးသိန်းစိန်က အပိတ်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
လက်ရှိ အစိုးရလက်ထက် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပမှု အခြေအနေတို့ကို ဆွေးနွေး ခဲ့သည့်အပြင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ဦးတည်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ခေါင်းစဉ် အောက် တွင် နိုင်ငံတကာတွင် ကျင့်သုံးလျက် ရှိသော ဖက်ဒရယ် အခြေခံမူများ၊ ဖက်ဒရယ် စနစ်နှင့် ပတ်သက်၍ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒ၊ ပင်လုံညီလာခံ၊ ပင်လုံစာချုပ်နှင့် ယေဘုယျ သဘောတူညီချက်၊ ဗြိတိသျှ အစိုးရ၏ စုံစမ်းရေး ကော်မရှင်၌ တိုင်းရင်းသားများ၏ ထွက်ဆိုချက် တို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဦးခင်ရီက“၂၁ ရာစု ပင်လုံ ညီလာခံလို့ ခေါ်လိုက်တဲ့အတွက်ကြောင့် အပြင်မှာ သုံးသပ်နေတာက ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံ ကတိကဝတ်ဆိုတာ ပါလာတယ်။ ဒီအပေါ်မှာ ဘာသာပြန်တဲ့အခါ နားလည်မှု လွဲနိုင်တာတွေ ရှိနိုင်တယ်။ ဒီလိုဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ ကြာသွားနိုင်သလား ဒီလိုအပြင်မှာ သုံးသပ်နေတာတော့ ရှိတယ်”ဟု ပြောဆိုသည်။
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် အချုပ်အခြာ တည်တံ့ ခိုင်မြဲရေး ခေါင်းစဉ်အောက်တွင် တိုင်းရင်းသားများ၏ ခံစားချက်ပေါ် မူတည်၍ ဖော်ထုုတ် ခဲ့ကြရာ ပြည်ထောင်စု မပြိုကွဲရေးဆိုုသည့် စကားရပ်အောက်တွင် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေး၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်၊ လူမျိုးဘာသာ မခွဲဲခြားဘဲ အခြေခံ ဥပဒေပါ နိုင်ငံသား အခွင့်အရေးများ ရရှိရေးတို့ ပါဝင်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ USDP ၏ သဘောထားမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အားလုံး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA) ကို လက်မှတ်ရေးထိုးရေးပင် ဖြစ်သည်ဟု ဦးသိန်းစိန်၏ မိန့်ခွန်းတွင် ပါရှိသည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ USDP အစိုးရ လက်ထက်တွင် NCA ကို ခိုင်ခိုင်မာမာ ဖြစ်စေရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ အခက်အခဲများစွာ ထဲတွင် ရက်ပေါင်း ၁၄၅၀၊ အစည်းအဝေးပေါင်း ၅၀၀၀ ကျော် ပြုလုပ်ခဲ့ရသဖြင့် ယင်းရလဒ် အပေါ်တွင်သာ USDP က ရပ်တည်သွားမည် ဖြစ်ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်ရီကလည်း ပြောသည်။
ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲ ၇ သန်းခန့် ရရှိခဲ့သဖြင့် ယင်းရလဒ် အပေါ်မူတည်၍ ပါတီကို ပြန်လည် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ပြီး နောက် ပါတီ ညီလာခံကို သြဂုတ်လ တတိယအပတ်တွင် ကျင်းပနိုင်ရန် စီစဉ်နေကြောင်းလည်း ဦးခင်ရီ က ပြောဆိုသည်။
အစိုးရသစ်၏ ဆောင်ရွက်မှုများသည် အခြားနိုင်ငံရေးစနစ် တခုုခုကို ပုံတူကူးချနေခြင်းမျိုး မဟုတ်ဘဲ ၂၁ ရာစု ပင်လုံ ညီလာခံ ကဲ့သို့သော တွေ့ဆုံညှိနှိုင်းမှု ရလဒ်များဖြင့် တိုင်းပြည်အနာဂတ်ကို ပုံဖော်နေခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က ဧရာဝတီသို့ ပြောသည်။
“တပ်မတော်အရာရှိ ဘဝကနေ တိုက်ပုံပြောင်းဝတ်သူတွေက ဖက်ဒရယ်ကို ကြိုက်မှာ မဟုတ်ဘူး။ တကယ်တော့ NLD က ဖော်ဆောင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ် အောင်မြင်မှ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုက တကယ်ရမှာ”ဟုလည်း ၎င်းက ပြောဆိုသည်။