သတင်း

လမ်းပေါ်ကလေးများကို ကနဦးဆန်းစစ်မှုများ ပြုလုပ်

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်းဒေသကြီး ရှိ ခရိုင်၄ ခု အတွင်း နေရာ ၁၂ နေရာမှ လမ်းပေါ်နေ ကလေးငယ် ၁၆၄ ဦးကို ကနဦး ဆန်းစစ်ခြင်း များပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

၂၀၁၆ ဇူလိုင်လမှ စတင်ကာ ရန်ကုန်မြို့ရှိ လမ်းပေါ်နေ ကလေးများနှင့် တောင်းရမ်း စားသောက်သူများ၊ ခိုကိုးရာမဲ့များ၊ စောင့်ရှောက်သူမဲ့ မသန်စွမ်းသူ များအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် မူကြမ်း ရေးဆွဲနိုင်ရေးရန် အသက် ၅ နှစ်မှ ၁၈ နှစ်အတွင်း ကလေးငယ်များကို ဆန်းစစ်ခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန်က ပြောသည်။

“ကနဦးဆန်းစစ်တဲ့ Data တော့ထွက်လာပြီ။ အဲဒါပေါ် မူတည်ပြီးတော့ ဘယ်သူတွေက ဘာတွေလုပ်ပေးကြမလဲဆိုတာ အများကြီးပြန်ပြီး ဝိုင်းစဉ်းစားကြရမှာ။ အခု ကျမတို့က ခရိုင် ၄ ခုမှာရှိတဲ့ ၁၂ နေရာမှာ လမ်းပေါ်ကလေး ၁၆၄ ဦး ကို ကောက်ထားတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေ ထွက်လာတာရှိတယ်။ ခေါင်းစဉ်တခုစီတိုင်းမှာတော့ လုပ်ရမယ့် လုပ်ငန်းစဉ် တွေ အများကြီး ပါမှာပေါ့” ဟု ၎င်းက ရှင်းပြသည်။

သူက ကနဦး ဆန်းစစ်ချက်များ အရ ထွက်ပေါ်လာသည့် လုပ်ငန်းစဉ်များကို လူမှုဝန်ထမ်းဦးစီးဌာန အပါအဝင် ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာနများ၊ NGO၊ INGO အဖွဲ့အစည်းများဖြင့် ပူးပေါင်းလုပ်ဆောင်ရမည့် အပြင် လူအင်အား၊ ငွေအင်အားနှင့် နည်းပညာပိုင်းဆိုင်ရာများ လိုအပ်ကြောင်း ပြောသည်။

လတ်တလောတွင် လူမှုဝန်ထမ်း ဦးစီးဌာန အနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရဲတပ်ဖွဲ့နှင့် အဓိက ပူးပေါင်း ဆောင်ရွက်နေပြီး စည်ပင်ရဲတပ်ဖွဲ့မှ ထိန်းသိမ်းပေးသည့် လမ်းဘေးကလေးများကို လက်ခံကာ ဌာနမှ ဖွင့်ထားသည့် သင်တန်းကျောင်းများသို့ သင့်တော်သလို ပို့ဆောင်ပေးနေကြောင်း၊ ကျောင်းနေအရွယ်ဖြစ်ပါက ကျောင်းတက်နိုင်ရေးအတွက် ဆောင်ရွက်ပေးကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်ယာရေးကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ဌာန စည်ပင်သာယာတပ်ဖွဲ့ ရဲအုပ်အောင်မြင့်စိုးက “ကျနော်တို့က ထိန်းသိမ်းထားတယ်။ ထိန်းသိမ်းပြီးရင် လူမှုဝန်ထမ်းကို ဘယ်နှစ်ယောက်ရပါပြီ။ အသက်ဘယ်လောက်ပါ။ လိုက်လာတဲ့မိဘတွေရှိရင်လည်း ပြန်ဆက်သွယ်ပေးတယ်။ မလိုက်လာတဲ့သူကျတော့လည်း သင်တန်းကျောင်းကိုပို့ဖို့ လူမှုဝန်ထမ်းကို စာရင်းတင်ရတယ်” ဟု ရှင်းပြသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်တွင် တောင်းရမ်းနေသည့် ကလေးငယ်များ၊ အခြေအနေမဲ့သက်ကြီးရွယ်အိုများ ပပျောက်ရေးစီမံချက်များ ထည့်သွင်းထားပြီး ရန်ကုန်နှင့်မန္တလေးတွင် စီမံချက်များရေးဆွဲပြီးပါက သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်နှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဆက်လက် အကောင်အထည် ဖော်သွားရန်ရှိကြောင်း နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ပြောသည်။

“ဘယ်တော့စတင်လုပ်နိုင်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး။ အမြန်ဆုံးတော့ အကောင်အထည်ဖော်သွားမယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင် ပုံစံအမျိုးမျိုးဖြင့် တောင်းရမ်းစားသောက်သူများ ပိုမိုများပြားလာပြီး အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ် သည်အထိ လိုက်လံတောင်းရမ်းမှုများ ရှိလာပါက ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ပေးရကြောင်း ကမာရွတ်ရဲစခန်းမှ တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် လူငယ်သင်တန်းကျောင်း ၅ ကျောင်းရှိသည့်အနက် ၃ ကျောင်းတွင် လမ်းပေါ်ကလေးငယ်များကို ကျောင်းထားပေးထားကြောင်း သိရသည်။

Loading