မြန်မာနိုင်ငံအတွင်း မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် ရေကြီးမှုဒဏ်ကို လူဦးရေ လေးသိန်းကျော် ကြုံတွေ့နေရပြီး ရေကြီးမှုကြောင့် ရေစီးထဲမျောပါ သေဆုံးသူ ၆ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ဇူလိုင်လ ၁၅ ရက်နေ့မှ သြဂုတ်လ ၁၀ ရက် နေ့အထိ ရေနစ်သေဆုံးမှုစာရင်းများအရ စစ်ကိုင်းတိုင်းတွင် သေဆုံးသူ ၂ဦး၊ ကချင်ပြည်နယ်တွင် ၂ဦး၊ ရန်ကုန်တိုင်း တွင် တဦး၊ ပဲခူးတိုင်းတွင် တဦး စုစုပေါင်း ၆ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။
“ရေနစ်သေဆုံးရတဲ့ အကြောင်းအရင်းတွေ အားလုံးက ရေစီးနဲ့ မျောပါသွားပြီး သေဆုံးရတာပါ။ ကချင်ပြည်နယ်တွင်း က ရွှေကူနဲ့ မိုးမောက်မှာလည်း ရေစီးနဲ့မျောပါသွားတာပါ။ နောက်ပြီး ပန်းတောင်းက သေဆုံးတဲ့သူဆိုရင်လည်း ရေစီး သန်နေတဲ့ ချောင်းကို ဖြတ်ကူးရင်း ရေမျောသွားတာပါ” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ််ရေးနှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။
လက်ရှိတွင် မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ ရေကြီးနစ်မြုပ်မှုဒဏ် ခံစားနေရသည့် လူဦးရေ လေးသိန်းကျော် (၄၁၉၂၈၆) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနှင့် ထောက်ပံ့မှု စုစု ပေါင်း ငွေကျပ် ၄၃၉ သန်းကျော် ( ၄၃၉,၁၂၉,၆၄၆) ထောက်ပံ့ခဲ့ပြီး ဖြစ်ကြောင်း၊ ထောက်ပံ့မှုများထဲတွင် သေဆုံးသူ တဦးလျှင် ငွေကျပ် တသိန်းနှုန်း၊ ရေမျောပါသွားသည့် အိမ်တလုံးလျှင် ငွေကျပ် ငါးသောင်းနှုန်းနှင့် အရေးပေါ် အစား အစာများ ဖြစ်သည့် ခေါက်ဆွဲခြောက်၊ ဆန်၊ ရေသန့် စသဖြင့် ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။
(ယနေ့ နေ့လယ်ပိုင်းက ရရှိသည့် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနစာရင်း (ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၁၀ ရက်နေ့အထိ))