ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင် ဇွန်လ ၂၈ ရက်က အသတ်ခံခဲ့ရသည့် ဒေသခံ ၅ ဦး ကို အထက် အမိန့်ရ သတ်လိုက်ရခြင်း ဖြစ်သည်ဟု တပ်မတော်သားများ က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ခုံရုံး တွင် သြဂုတ်လ ၉ ရက်နေ့ က ထွက်ဆိုလိုက်ကြောင်း သတင်းရသည်။
လားရှိုး အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ခုံရုံးတွင် ခြေမြန် တပ်ရင်း(ခမရ) ၃၆၂ မှ အရာရှိ အရာခံ အကြပ် တပ်သား ၇ ဦးကို စစ်ဆေးခဲ့ရာ တပ်ကြပ်ကြီး အဆင့် ၃ဦးက ဒေသခံ ၅ဦးကို သတ်ခဲ့သည်ဟု ဝန်ခံလိုက် ကြောင်း စစ်ခုံရုံး သို့ သွားရောက် နားထောင်ခဲ့သည့် စိုင်းလုံဖ က ဧရာဝတီသို့ ပြောသည်။
“အမိန့်ပေးလို့ သတ်တာလည်း ဝန်ခံတယ်။ အထက်က အရာရှိက အမိန့်ပေးလို့ သတ်လိုက်တယ်လို့ ပြောပါတယ်”ဟု လည်း စိုင်းလုံဖ က ဆိုသည်။
စိုင်းလုံဖ သည် တပ်မတော်သားများကို စစ်ဆေးသည့် စစ်ခုံရုံးတွင် လာရောက် နားထောင်ခွင့်ရသော ဒေသခံများကို တရားဝင် မြန်မာဘာသာသို့ ပြန်ပေးရသူလည်း ဖြစ်သည်။
ထွက်ဆိုချက် ပေးသော အဆိုပါ တပ်ကြပ်ကြီး ၃ဦး သည် အထက်အမိန့်အရ သတ်လိုက်ရသည်ဟု ထွက်ဆိုကြောင်း၊ ထိုတပ်ကြပ် ၃ ဦးထဲမှ တဦးက အထက် အမိန့်ကြောင့် ဒေသခံများကို သတ်ရသည့်အတွက် အပြစ်မရှိဟု ထွက်ဆို ကြောင်း၊ နောက်ထပ် စစ်ဆေးခံသည့် တပ်မတော်သား ၄ဦးမှာ အရာရှိများဖြစ်ကြောင်းလည်း စိုင်းလုံဖ ကပြောသည်။
“ဒေသခံက ၃ ဦးပါပဲတဲ့။ ကျန် ၂ဦးက ပလောင်အဖွဲ့လို့ ထွက်ဆိုသွားပါတယ်”ဟုလည်း သူက ပြောပြသည်။
အသတ်ခံရသည့် ဒေသခံ ၅ဦးလုံးသည် သာမန်အရပ်သားများသာ ဖြစ်ကြောင်း၊ လယ်ယာ လုပ်ကိုင်စားသောက် နေ သူ များဖြစ်ကြောင်း၊ တပ်မတော်က ပလောင် အဖွဲ့ဟု စွပ်စွဲပြောဆိုခဲ့သည့် ၂ ဦးမှာ ရွာသားများသာဖြစ်ကြောင်း အသတ်ခံရသည့် စိုင်းဆမ် ၏ ဇနီး ဒေါ်အေးလွတ် ကလည်း ဧရာဝတီသို့ ပြောသည်။
“ကျမ ကတော့ သူတို့(စစ်သား) တွေ ကို သူတို့ အပြစ်ခံယူစေချင်တယ်။ အထက်အမိန့် ဆိုပြီးပြောပြော သူတို့ အပြစ် ကနေ မလွှတ်မြောက်စေချင်ဘူူး။ ပြီးတော့ သေနတ်သံတွေ မကြားချင်တော့ဘူူး။ ကျမတို့ ရွာ ပြည်သူတွေ ကို လည်း ထပ်ပြီး ဒုက္ခတွေ လာမပေးပါနဲ့တော့”ဟု စစ်ခုံရုံးသို့ သွားရောက် နားထောင်ခဲ့သော ဒေါ်အေးလွွတ်က ပြောဆိုသည်။
ဇွန်လ ၂၈ ရက်နေ့က မိုင်းယော်ကျေးရွာတွင် ဒေသခံ ရဦး သတ်ခံရပေမယ့် လက်ရှိတွင် ဒေသခံ ၅ ဦးသေဆုံးမှု ကိုသာ တပ်မတော်က ဝန်ခံခဲ့ပြီး ကျန် ရွာသား ၂ဦး သေဆုံးမှုသည် စစ်ဆေးမှု မပြုလုပ်ရ သေးကြောင်းလည်း မိုင်းယော် ကျေးရွာ ဒေသခံများက ပြောသည်။
သြဂုတ်လ ၆ ရက်နေ့ကလည်း လားရှိုးမြို့မှ မှုခင်းဆရာဝန်၊ တရားသူကြီးနှင့် လားရှိုး ရဲတပ်ဖွဲ့တို့က အသတ်ခံရသူများ ၏ ရုပ်အလောင်းများကို တူးဖော် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ထို မိုင်းယော်ကျေးရွာအနီး ဒေသခံရွာသား ၇ ဦး အသတ်ခံ သေဆုံးခဲ့ရသည့်အပေါ် တပ်မတော် အရှေ့မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးက သွားရောက်ပြီး လူသားချင်း စာနာမှုအနေဖြင့် ဇူလိုင် ၃ရက်နေ့က ကျပ် ၃ သိန်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိုင်းယော် ကျေးရွာ ဒေသခံ ၇ ဦး သေနတ်နှင့် ပစ်သတ်ခံရသည့် ကိစ္စနှင့်ပတ်သတ်ပြီး ဒုုဗိုုလ်ချုပ်ကြီး မြထွန်းဦးက တပ်မတော်တွင် လုုိက်နာရမည့် သုုံ့ပန်း များ စစ်ဆေးမှုဆုုိင်ရာ လုုပ်ထုုံးလုုပ်နညး်များရှိပြီး ထိုလုုပ်ထုုံး လုုပ်နည်းများကိုု မလုုိက်နာသည့် တပ်မတော် အရာရှိ၊ စစ်သည် များကုုိ စစ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြောဆိုထားသည်။