စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်ရှိ ချောင်းကျဉ်းကျေးရွာတလျှောက် မြေများအက်ကွဲမှု ဖြစ်ပေါ်နေ သည့်အတွက် လူနေအိမ် ၆ လုံး ပြောင်းရွှေ့ခဲ့ရပြီး ထပ်မံပြောင်းရွေ့ရမည့် အခြေအနေရှိနေကြာင်း သိရှိရသည်။
မြေများအက်ကွဲမှု ဖြစ်ပေါ်နေသည့်နေရာမှာ ကလေးဝမြို့နှင့် ကလေးမြို့ကို ဆက်သွယ်ထားသည့် လမ်းပေါ် တွင်ရှိနေပြီး၊ မြေအက်ကွဲမှုကြောင့် နေအိမ် ၆ လုံးကို ပြောင်းရွှေ့ပေးထားရကြောင်းနှင့် မြေများ ဆက်လက် အက်ကွဲနေသည့်အတွက် ထပ်မံပြောင်းရွှေ့ရမည့် လူနေအိမ်များရှိနေကြောင်း ကလေးဝမြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဦးအောင်ဇော်ဦးက ဧရာဝတီကို ပြောသည်။
“မြေအက်ကွဲပြီး ပြတ်သွားတာက အလျား ၃ ဖာလုံပါ။ မြေပြိုဧရိယာ အကျယ်အဝန်းက ၁ မိုင် ပတ်ဝန်းကျင် လောက် ရှိတယ်။ အခုရွာအဖျားက အိမ် ၆ လုံးကို မြေအက်ကွဲနေလို့ အန္တရာယ်ကင်းတဲ့နေရာရွှေ့ထားတယ်။ စာသင်ကျောင်းတွေရှိတဲ့ ရွာလယ်တော့မရောက်သေးဘူး” ဟု ဦးအောင်ဇော်ဦးက ဆိုသည်။
ထိုသို့ မြေသားအက်ကွဲ ပြတ်ရွေ့မှုသည် သြဂုတ် ၁၀ ရက် နံနက် ၅ နာရီခွဲမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်တွင် ကလေးဝမြို့နှင့် ကလေးမြို့သို့ သွားလာမည့် မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ခွင့် ပိတ်ထားပြီး၊ မြေများ ဆက်လက်အက်ကွဲပြတ်ရွေ့နေသည့်အတွက် လူနေအိမ် ၆၀ လုံးခန့် ထပ်မံပြောင်းရွှေ့ရန် အခြေအနေရှိကြောင်းနှင့် ဆက်လက်မြေအက်လာပါက ကျေးရွာများပြောင်းရွှေ့ရန် စီမံဆောင်ရွက် ထားသည် ဦးအောင်ဇော်ဦးက ဆက်ပြောသည်။
“ဆက်ပြီး မြေတွေအက်ကွဲနေတယ်။ မြေပြိုဖို့ ရှိနေတယ်။ မြေသားတွေက မငြိမ်သေးဘူး။ မနက်နဲ့ ညတောင် မတူဘူူး။ အခုမြေအခြေအနေက နေရောညပါ၂၄ နာရီ ကင်းစောင့်ကြည့်နေရတယ်” ဟု ဦးအောင်ဇော်ဦးက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ကျနော်တို့ မနက်ဖန် ဝန်ကြီးတွေ လွှတ်မှာပါ။ အခုကြားရတာတော့ လူနေအိမ်တွေ ရွှေ့ရတယ်။ လမ်းတွေလည်း အက်ပြီး ပြတ်သွား တယ်။ ပြတ်ရွေ့ကြောဆိုလို့ ဘူမိဗေဒပညာရှင်တွေပါ အကုန်လွှတ်မှာပါ။ အခုတော့ ဘာမှမသိရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ကလေးဝမြို့နှင့် ကလေးမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းသည် မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးနှင့် ချင်းပြည်နယ်သို့ အဓိကကုန်သွယ်နေသည့်လမ်းကြောင်း ဖြစ်သည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သြဂုတ်၁၀ ရက် ညနေပိုင်း တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားကမ်းခြေ အနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင်းချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုမှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ် ဖြစ်ပေါ်လာနိုင် သည်ဟု ထုတ်ပြန်အသိပေးထားသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ဟားခါးမြို့တွင် တောင်များ ပြိုကျခဲ့ဖြင့် လူနေအိမ်အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ပြီး ဆက်သွယ်ရေးကားလမ်းများလည်း ပျက်စီးခဲ့ကာ မြေကြီးအက်ကွဲကြောင်းများ ဖြစ်ပေါ်နေရာတွင် တည်ရှိနေသည့် လူနေအိမ်များလည်း ပြောင်းရွှေ့ခဲ့ရသည်။