သြဂုတ်လကုန်တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံ၌ ပလောင် (တအာင်း) လူမျိုးများ အတွက် ပလောင် ပြည်နယ် ရရှိရေး တင်ပြ တောင်းဆိုသွားမည်ဟု သိရသည်။
လက်ရှိတွင် ပလောင် လူမျိုးများသည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရပ်တည်နေရ သော်လည်း လူမျိုးရေးခွဲခြား ဆက်ဆံခံနေရကြောင်း၊ မြန်မာနိုင်ငံ၌ ဖက်ဒရယ်ပြည်ထောင်စု စနစ် အကောင်အထည်ဖော် ဆောင်နေသည့်အတွက် တိုင်းရင်းသား လူနည်းစုများသည်လည်း တန်းတူ အခွင့်အအရေး ရသင့်၍ တောင်းဆိုရခြင်း ဖြစ် ကြောင်း ပလောင် (တအာင်း) အမျိုးသမီးအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး Poem Ngear က ဧရာဝတီ ကို ပြောသည်။
“ဖက်ဒရယ် ပြည်ထောင်စုကို သွားမယ်ဆိုရင် လူမျိုးငယ်တွေမှာလည်း သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ပြည့်စုံတယ်ဆိုရင် ပြည်နယ် တောင်းဆိုပိုင်ခွင့်ရှိရမယ်၊ ပေးတာ မပေးတာကတော့ တပိုင်းပေါ့၊ နောက်တခုက မြန်မာနိုင်ငံမှာ လူမျိုးကြီး ၀ါဒ တွေ ကြီးစိုးနေဆဲပါ၊ တန်းတူညီမျှမှု ဆိုတာ မရှိသေးဘူး”ဟုလည်း ဆိုသည်။
ပလောင် (တအာင်း) လူဦးရေ တသန်းကျော်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကျောက်မဲ၊ ကွတ်ခိုင် အစရှိသည့် မြို့နယ်အများစုတွင် နေထိုင်ကြကြောင်း သိရသည်။
ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် နမ့်ဆန် မြို့နယ် နှင့် မန်တုံ မြို့နယ်ဟု ပြဌာန်း ထားသည်ကို တွေ့ရသည်။
၂၁ ရာစု ပင်လုံ ညီလာခံ၌ ပလောင်ပြည်နယ် ရရှိရေး တင်ပြတောင်းဆိုသွားရန် အတွက် အလွှာပေါင်းစုံမှ ပလောင် လူမျိုး များ ပါဝင်သည့် နှီးနှော ဖလှယ်ပွဲ တခုကို သြဂုတ်လ ၂ ရက်မှ ၆ ရက်နေ့အထိ ကျင်းပခဲ့စဉ် သဘာတူညီမှု ရရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပလောင် ပြည်နယ် ရရှိရေး အတွက် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကလည်း နိုင်ငံရေး ကြေညာစာတမ်း တစောင်ထုတ်ပြန်ပြီး ၂၁ ရာစု ပင်လုံ၌ တင်ပြ တောင်းဆို သွားမည် ဟု ဆိုသည်။
အကယ်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ရရှိမည်ဆိုပါက ပလောင် လူမျိုးများ၏ ဖွံဖြိုး တိုးတက်ရေး အတွက် အ ကောင်းဆုံး ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပလောင် လူမျိုးများ က ပြောဆိုကြသည်။
ရှမ်းပြည်နယ် အတွင်း နေထိုင်ကြသည့် ပလောင် လူမျိုးများကဲ့သို့ပင် “၀” လူမျိုးများကလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဆင့်မှ ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် အစိုးရထံ တင်ပြထားသော်လည်း အစိုးရက တစုံတရာ ပြောဆိုမှု မရှိသေးပေ။
ရှမ်းပြည်နယ်ဟု သတ်မှတ်ထားသော်လည်း ရှမ်းတိုင်းရင်းသားများ သာမက လူဦးရေ များပြားသည့် တခြားတိုင်းရင်းသား များလည်း နေထိုင်ကြကြောင်း၊ ယခင်က ရှမ်းပြည်နယ်ဟု မခေါ်ဆိုဘဲ ကမ္ဘောဇတိုင်းဟုသာ ခေါ်ဆိုကြောင်း၊ ထို့ကြောင့် “၀” နှင့် ပလောင်ကဲ့သို့ပင် လူဦးရေ များပြားသည့် တိုင်းရင်းသားများကလည်း ကိုယ်ပိုင် ပြည်နယ်များ တောင်းခံလာနိုင်၍ ရှမ်းပြည်နယ်၌ တိုင်းရင်းသား အချင်းချင်း အငြင်းပွားမှု ပြဿနာများ ဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင် က ရှမ်းပြည်နယ် အတွင်း နေထိုင်ကြသည့် တိုင်းရင်းသား လူနည်းစုများအနေဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆို ခြင်းအား ရှမ်းလူမျိုးစု တခုတည်းက ဆုံးဖြတ်၍ မရကြောင်း၊ ပြည်ထောင်စု တခုလုံးက ဖြေရှင်း ဆောင်ရွက်ရမည့် အရာ ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
ဦးစိုင်းညွန့်လွင်က“တိုင်းရင်းသားတွေမှာ ပြည်နယ်တောင်းပိုင်ခွင့်ရှိပါတယ်၊ ဒါက သူတို့ရဲ့ အခွင့်အရေးပါပဲ၊ ဒါပေမယ့် “၀” တို့ ပလောင်တို့ ပြည်နယ်တောင်းတာနဲ့ ပတ်သက်ပြီးတော့ အခုအချိန်မှာ မှတ်ချက် မပေးလိုပါဘူး”ဟုလည်း ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ဦးဆောင်ကျင်းပမည့်၂၁ ရာစု ပင်လုံညီလာခံအား သြဂုတ်လ ၃၁ ရက် တွင် ကျင်းပမည်ဟု အစိုးရက ကြေညာထားပြီး ယင်းညီလာခံ၌ မိမိတို့၏ လိုလားချက်များကို တင်ပြတောင်းဆိုကြရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း ကြိုတင်ပြင်ဆင် နေကြသည်။
ကချင်ပြည်နယ် မိုင်ဂျာယန်၌ မကြာသေးခင်က ပြုလုပ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့များ ညီလာခံ၌လည်း မြန်မာနိုင်ငံအား ဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ထောင်မည်ဆိုပါက လူမျိုးကိုအခြေခံသည့် အမျိုးသား ပြည်နယ်များဖြင့် တည် ဆောက် သွားရန် သဘောတူညီခဲ့ကြပြီး တိုင်းရင်းသားများ ရေးဆွဲထားသည့် ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတွင်လည်း ထည့်သွင်း ရေးဆွဲထားသည်။
အလားတူ ပြည်နယ်သစ်များ ပေါ်ထွက်လာရေး အတွက်လည်း ဆောင်ရွက်သွားကြမည်ဖြစ်ပြီး ပြည်နယ် အသစ်အဖြစ် တည်ထောင်မည်ဆိုပါ တိုင်းရင်းသား လူမျိုးစုတခု၏ သတ်မှတ်လူဦးရေ၊ ပထဝီ အနေအထား၊ နောက်ခံ သမိုင်းကြောင်း စသည့် အရေးကြီးသည့် စံနှုန်းများ သတ်မှတ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
ထိုသတ်မှတ် စံနှုန်း ပြည့်စုံသည့် လူမျိုးစု တခုသည် ပြည်နယ်သစ် အဖြစ် ရလိုသည့် ဆန္ဒရှိပါက သက်ဆိုင်ရာ အစိုးရနှင့် လွှတ်တော်တို့၌ တင်ပြ တောင်းဆိုပိုင်ခွင့် ရမည်ဖြစ်သည်။
သို့သော် တိုင်းရင်းသား အဖွဲ့များ၏ တင်ပြချက်အား ၂၁ ရာစု ပင်လုံ ညီလာခံ၌ မည်သို့ ဖြေရှင်းကြမည်ကိုမူ မသိရသေးပေ။
ထို့အတူ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း အဖြစ် သတ်မှတ်ပေးထားသည့် “၀” လူမျိုးများကလည်း “၀” ပြည်နယ် အဆင့် ရရှိ ရေး ကို ၂၁ ရာစု ညီလာခံ၌ တင်ပြ တောင်းဆိုသွားမည်ဟု သိရပြီး “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့သည်လည်း ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်မည်ဟု ဆိုသည်။
“၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း နှင့် တခြားနေရာများ၌် ပျံ့နှံ့နေသည့် “၀” လူဦးရေ စုစုပေါင်း ၆ သိန်း ဝန်းကျင်ရှိကြောင်း (UWSA) ၏ ခေါင်းဆောင်များက ဧရာဝတီ ကို ပြောဆိုထားသည်။