နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဗဟိုဘဏ် ဒါရိုက်တာအဖြစ် အမည်စာရင်း တင်သွင်းသည့် ဦးဘိုဘိုငယ်ကို အတည်ပြုကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူ မရှိဘဲ ဆုံးဖြတ်လိုက်သည်။
သြဂုတ်လ ၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ စီးပွားရေးကော်မတီ အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဘိုဘိုငယ်အား ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် အမည်စာ ရင်း တင်သွင်းမည့် စာလွှာကို သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သည်။ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက ထိုအဆိုပြုချက်ကို ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များကို ကမ်းလှမ်းခဲ့သည်။
အသက် ၄၈ နှစ်အရွယ်ရှိ ဦးဘိုဘိုငယ်သည် the Department of Financial and Management Studies at the School of Oriental and African Studies လန်ဒန်တက္ကသိုလ်မှ ၂၀၁၅ ခုနှစ်အထိ ပါရဂူတန်း တက်ရောက်နေသူတ ဦးဖြစ်သည်။ ၎င်းသည် ဘဏ်လုပ်ငန်းပညာရှင်အဖြစ် မကြာသေးမီက NLD ပါတီ၏ စီးပွားရေးကော်မတီဝင်အဖြစ် ပါဝင် ခဲ့ပြီး ကမ္ဘောဇဘဏ်၏ Research and risk management ဌာနအကြီးအကဲလည်းဖြစ်သည်။
ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဒေါ်ခင်စန်းလှိုင်က လွှတ်တော်ကိုယ်စားလှယ်များက ဦးဘိုဘိုငယ်အား ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းကို ကြိုဆိုကြောင်း ပြောသည်။
“ဗဟိုဘဏ် ဘုတ်အဖွဲ့ဝင်အဖြစ် ဦးဘိုဘိုငယ်ကို ကြိုဆိုပါတယ်။ ဘာလို့လည်းဆိုတော့ ပြောင်းလဲဖို့အတွက် အဖွဲ့ဝင် အသစ်တွေရဲ့အင်အားကို အသုံးပြုနိုင်မယ်လို့ ထင်ရပါတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။
“ဗဟိုဘဏ်က ဥပဒေအောက်မှာရှိတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတခုပါ။ ဒါပေမယ့် ကျမ တွေ့ရသလောက် သူတို့က တချို့ ကိစ္စရပ်တွေမှာ ခုချိန်ထိ လွတ်လွတ်လပ်လပ် အလုပ်မလုပ်နိုင်ကြပါဘူး” ဟု ပြောသည့်အပြင် ငယ်ရွယ်သွက်လက်သော ပညာရှင်များ ပါဝင်လာခြင်းက အနာဂတ်အတွက် ကောင်းသော လက္ခဏာတရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗဟိုဘဏ်ဥပဒေအရ ထိုဒါရိုက်တာအဖွဲ့တွင် ဥက္ကဌတဦး၊ ဒုဥက္ကဌ ၃ ဦးနှင့် အစိုးရက ခန့်အပ်သော ဘဏ်လုပ်ငန်း ပညာရှင် ၅ ဦး စုစုပေါင်း ၉ ဦး တာဝန်ထမ်းဆောင်နေပါသည်။
အသက် ၇၅ နှစ်အရွယ် ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်သည် ၂၀၁၃ကတည်းက ဗဟိုဘဏ် ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၎င်းမှာ ၂၀၁၈ခုနှစ်အထိ ၅နှစ် သက်တမ်း တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
NLD အစိုးရ အာဏာလွှဲပြောင်းယူခဲ့သော ဧပြီလက ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည့်အတွက် ဗဟို ဘဏ် ဒါရိုက်တာအဖွဲ့ဝင်မှ နှုတ်ထွက်သွားခဲ့သော ဦးမော်သန်း၏ နေရာတွင် ဦးဘိုဘိုငယ်ကို ခန့်အပ်ခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေကို မပြင်ဆင်ခဲ့လျှင် ယခင်အစိုးရလက်ထက်တွင် တာဝန်ယူဆောင်ရွက်ခဲ့သော အခြား ဗဟိုဘဏ် အဖွဲ့ဝင်များ၏ သက်တမ်းမှာ ပြီးဆုံးလိမ့်မည်မဟုတ်ဘဲ ယင်းတို့၏ သက်တမ်းအတိုင်း ဆက်လက် တာဝန်ထမ်း ဆောင်ရမည် ဖြစ်သဖြင့် လတ်တလောတွင် ဗဟိုဘဏ်အကြီးအကဲ အပြောင်းအလဲ ဖြစ်လိမ့်ဦးမည် မဟုတ်ဟု စီးပွားရေး ပညာရှင်များက သုံးသပ်သည်။
“ဗဟိုဘဏ် ဥပဒေ မပြင်ဆင်နိုင်သရွေ့ အစိုးရက သူတို့ရဲ့လုပ်ဆောင်ချက်တွေကို မကြိုက်ရင်တောင်မှ ဥက္ကဌနဲ့ ဒုဥက္ကဌ က ကျန်တဲ့သက်တမ်းကို ဆက်ပြီး တာဝန်ယူသွားရမှာပါ” ဟု အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တဦးက ပြောသည်။
ဘဏ်လုပ်ငန်းလောကတွင်လည်း ဦးဘိုဘိုငယ်သည် အခြား ဒါရိုက်တာအဖွဲ့ဝင်များထက် ငယ်ရွယ်ပြီး အနာဂတ်တွင် ဘဏ် လုပ်ငန်း ကောင်းစွာ ဖွ့ံဖြိုးတိုးတက်ရန် ကူညီနိုင်မည်ဖြစ်ကြောင်း ဖော်ပြခြင်းဖြင့် ၎င်းကို ကြိုဆိုခဲ့ကြသည်။
Myanmar Payment Union အမှူဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ယင်းမှာ ဘဏ်လုပ်ငန်းလောကကို ကိုင်လှုပ်ရန် အစိုးရ၏ ကြိုးစားအားထုတ်မှုအတွက် ကောင်းမွန်ကြောင်း ပြောသည်။
“နည်းပညာနဲ့ ခေတ်သစ် ဘဏ်ဝန်ဆောင်မှုတွေ အကြောင်းကို ပိုပြီးနားလည်တဲ့ ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေ ဒါရိုက် တာအဖွဲ့ဝင်ထဲမှာ ပါလာတာက ကောင်းမွန်တဲ့ ပြောင်းလဲမှုတခုပါ”ဟု ဦးဇော်လင်းထွဋ် က ပြောသည်။