ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်း များကို ဆက်လက်ဆောင်ရွက်ရန် သင့်မသင့် နှင့် စပ်လျဉ်း၍ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို သမ္မတ ဦးထင်ကျော်၏ အမိန့်ဖြင့် ယနေ့ဖွဲ့စည်းလိုက်သည်။
၁။ အဆိုပါ ကော်မရှင်တွင် ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း၊ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ အဖွဲ့ဝင် ပြည်သူလွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၊ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး၊ အမျိုးသားရေအရင်းအမြစ် ကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီး (ငြိမ်း) ဦးအုန်းမြင့်၊ ဒုဝန်ကြီး (ငြိမ်း) ဦးမျိုးမြင့်၊ ကချင်ပြည်နယ်အဖွဲ့ဝင် ဒေါ်မေရီမီနန်(ဥပဒေချုပ်-ငြိမ်း)၊ ဦးတင်မြင့်(အမြဲတမ်းအတွင်းဝန်- ပြည်ထဲရေး ဝန်ကြီးဌာန)၊ ဦးမောင်မောင်အေး(Myanmar Environmental Institute အဖွဲ့ဝင်)၊ ဦးဝင်းကျော်(ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)မြန်မာနိုင်ငံတမံကြီးများအသင်း အဖွဲ့ဝင်)၊) ဦးချိုချို
အမျိုးသားရေအရင်းအမြစ်ကော်မတီ အဖွဲ့ဝင်၊ ဒေါက်တာဝင်းသိမ်း(ပြည်ထောင်စုရာထူးဝန်အဖွဲ့ အတွင်းရေးမှူး)၊ ဒေါ်မိမိခိုင်(ညွှန်ကြားရေးမှူးချုပ်လျှပ်စစ်စွမ်းအား စီမံရေး ဦးစီးဌာန)တို့ ပါဝင်ပြီး
လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်၏ တာဝန်များမှာ
လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်သည် ဧရာဝတီ- မြစ်ဆုံမြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း များနှင့်စပ်လျဉ်း၍ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကို အခြေခံလျက် နိုင်ငံတော်နှင့် ပြည်ပရင်းနှီးမြှုုပ်နှံ သူတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် သင့်လျော်သောနည်းလမ်းများ ရရှိစေရန် အောက်ပါ အချက်များကို လေ့လာစိစစ်ပြီး သုံးသပ်ချက်၊ အကြံပြုချက်များနှင့်အတူ အစီရင်ခံ တင်ပြရမည်-
၂။ (က) စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် နိုင်ငံတကာပြဋ္ဌာန်း ချက်များ၊ ပြည်တွင်းဥပဒေများနှင့် ဆောင်ရွက်သင့်သည့် နည်းပညာများကို အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းရှိ- မရှိ
(ခ) စီမံကိန်းများကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊
(ဂ) စီမံကိန်းများကြောင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ၊
(ဃ) စီမံကိန်းများကို ဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ်ညာပိုင်း(Up Stream)၊ မြစ်ဆုံ၊ မြစ်အောက်ပိုင်း(Down Stream)၊ မြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသအထိ ဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့် မြစ်ကြောင်းစီးဆင်းမှုကို ထိခိုက်နိုင်မှု အခြေအနေ၊
(င) မြန်မာနိုင်ငံ၏ အသက်သွေးကြောတစ်ခုဖြစ်သည့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊
(စ) စီမံကိန်းများကို ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုး ဖြစ်ထွန်းနိုင်မှု အခြေအနေနှင့် လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ၊
(ဆ) စီမံကိန်းများ ဆက်လက် ဆောင်ရွက်ရန် သင့်-မသင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊
(ဇ) စီမံကိန်းဆိုင်ရာ စာချုပ်များအပေါ် လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့ အကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေး ညှိနှိုင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ။
၃။ ကော်မရှင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးစီးပွား တိုးတက်ရေးတို့အပေါ် အခြေခံ၍ အကြံပြုချက်များနှင့် သုံးသပ်ချက်များကို ပြုစုတင်ပြရမည်။ ထိုသို့ တင်ပြရာတွင် ဒေသခံ ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ဧရာဝတီမြစ်အပေါ် ရင်မှာခံစား အလေးထားသည့် ခံစားချက်များအပါအဝင် သဘောထားအမြင်များကို ထည့်သွင်း စဉ်းစားရမည်။
၄။ နိုင်ငံတော်သမ္မတရုံးက ကော်မရှင်၏ အုပ်ချုပ်မှု ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ပေးရန်နှင့် လုံခြုံရေး ကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်း ဆောင်ရွက်ပေးရမည်။
၅။ ကော်မရှင်သည် လေ့လာစိစစ်သုံးသပ်မှုများ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် အညီ လိုအပ်သော ပုဂ္ဂိုလ်များကို ဖိတ်ခေါ်၍ မေးမြန်း ဆွေးနွေးခြင်း၊ စာရွက်စာတမ်းများ တောင်းယူခြင်း၊ လိုအပ်သည့် နေရာဒေသများသို့ သွားရောက် လေ့လာ စစ်ဆေးခြင်း၊ ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူများနှင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်ခြင်း၊ ခန့်ထားခြင်း တို့ကို ဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတရုံး၏ သဘောတူညီချက်ဖြင့် ကျွမ်းကျင်မှု ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးအပ်နိုင်သည်။
၆။ ကော်မရှင်၏ လေ့လာစိစစ် သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အရောက် အစီရင်ခံ တင်ပြရမည်။